ခွဲခြားမှုကင်းသော သာသနာ

in #busy6 years ago

image

ခွဲခြားမှုကင်းသော သာသနာ

အစ္စလာမ်ကမွတ်စ်လင်မ်တွေကို လူသားတွေတစ်ယောက်နဲ့တစ်ယောက် ကူးလူးဆက်ဆံတဲ့အခါ ဂုဏ်ပေးလေးစားဖို့ကို သင်ကြား​ပေးထားပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်သခင်က အမိန့်ရှိထားပါတယ်။

အို-မနုဿ လူသားအပေါင်းတို့၊အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းထဲမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းပြင်ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းထဲမှပင် ၄င်း၏ကြင်ရာကြင်ဖက်ကိုလဲ ဖန်ဆင်းတော်မူခဲ့လေ၏။ ၄င်းနောက်ထိုလူသားနှစ်ဦးတို့မှ များပြားလှစွာသောယောက်ျား၊မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည်ထိုအရှင်မြတ်အား အကြောင်းပြု၍ မိမိတို့အချင်းချင်း မိမိတို့၏အခွင့်အရေးများကို တောင်းဆိုကြကုန်၏။ ၄င်းပြင်အသင်တို့သည် ဆွေမျိုးညာတကာတို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်းမှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ်ကြီးကြပ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(၄း၁)

အို-လူခပ်သိမ်းတို့ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အားယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်မှ စတင်ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင် မှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် အကြောက်ရွံ့ဆုံး၊အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တော်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊အကြားတော်မူဆုံး အရှင်ဖြစ်တော်မူပေသတည်း။(၄၉:၁၃)

အဲ့ဒီအာယသ်တွေရဲ့ လမ်းညွန်ချက်ကနေ သိရတာက ကုရ်အာန်ဟာ ဦးဆုံး လူသားတစ်ယောက်နဲ့တစ်ယောက် ဘာမှခွဲခြားခြင်းမရှိပဲ ပတ်သက်ဆက်နွယ်နေတဲ့ တန်းတူညီမျှမှုကို ညွှန်ပြနေပါတယ်။ ဒါဟာ လောကတစ်ခုလုံးမှာရှိတဲ့ လူသားတွေရဲ့ တန်းတူညီမျှရှိခြင်းကို အခြေခံနေတာပါ။ နောက်ထပ်ရှင်းလင်းတာကတော့ လူသားဟာ မိမိရဲ့လူဖြစ်ရခြင်းရဲ့ ထွဋ်မြတ်မှုမှာ အားလုံးဟာ တန်းတူညီမျှဖြစ်ပြီး ယုတ်လျော့ခြင်းမရှိပါဘူး။

ဒါကြောင့်မို့ လူသားတစ်ယောက်ဟာ မွတ်စ်လင်မ်ဖြစ်စေ မွတ်စ်လင်မ်မဟုတ်သူဖြစ်စေ တစ်ဦးနဲ့တစ်ဦးဟာ ညီ​နောင်​တွေပါပဲ ဒီလိုညီ​နောင်​တွေဖြစ်နေရခြင်းကြောင့် တစ်ဦးအပေါ်တစ်ဦး ကောင်းမွန်ယဉ်ကျေးသိမ်မွေ့စွာ ပြုမူဆက်ဆံဖို့လိုအပ်ပါတယ်။

နှစ်ဘဝသခင်ကျေးဇူးတော်ရှင် မုဟမ္မဒ်သခင်ရဲ့ မိန့်ခြွေချက်တစ်ခုလာရှိတာကတော့ أَنَا شَهِيدٌ أَنَّ الْعِبَادَ كُلَّهُمْ إِخْوَةٌ،
"ကျွန်ုပ်သက်သေခံပါတယ် ဖန်ဆင်းခံအားလုံးဟာ ညီ​နောင်​များဖြစ်ကြပါတယ်"။(အဗူဒါဝူးဒ်ကျမ်း.1508)

လူတစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်မှုဟာ အခြေခံ အချက်သုံးချက်အပေါ်မှာ မူတည်နေတာကို ကျွန်တော်တို့သိနိုင်ပါတယ်။ ပထမတစ်ချက်က လူသားတွေရဲ့အစဟာ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးကနေ ဖြစ်တည်လာခြင်းပါ။ ဒုတိယ အချက်ကတော့ လူသားတွေကို မိမိတို့ရဲ့မျိုးနွယ်အုပ်စုတွေနဲ့ သိနိုင်ခြင်းပါ။ တတိယအချက်ကတော့ လူတစ်ယောက်ရဲ့မူလတန်ဖိုးဟာ ထိုသူရဲ့ရှောင်ကြဉ်ခြင်းတရား ပဲဖြစ်ပါတယ်။ ဒီလိုရှောင်ကြဉ်ခြင်းတရားကို အမျှော်​အမြင်ပြည့်ဝပြီး ကောင်းမွန်တဲ့လုပ်ရပ်တွေနဲ့ပဲ တိုင်းတာပါတယ်။

အစ္စလာမ်က လူသားအားလုံးတန်းတူခြင်းကို အဦးဆုံးချပြခဲ့တဲ့ သာသနာတစ်ခုဖြစ်ခြင်းနဲ့အတူ အားလုံးအတွက် ငြိမ်းချမ်းမှုကို လမ်းညွှန်ထားတဲ့သာသနာတစ်ခုလည်းဖြစ်တယ်။

အဖြူအမဲ သူဌေးသူဆင်းရဲ တစ်ဦးနှင့်တစ်ဦးဟာ ဘယ်သူမှပိုမွန်မြတ်မှုမသာလွန်ကြောင်း အယုတ်​အလတ်​အမြတ်မရွေး အားလုံးဟာ တစ်တန်းစားထဲသာဖြစ်ကြောင်း ညီမျှခြင်း တန်းတူခြင်း ခွဲခြားမှုမရှိခြင်းတို့ကို လေးနက်စွာ သွန်သင်လမ်းညွှန်ထားတဲ့သာသနာတစ်ခုလည်းဖြစ်တယ်။

အစ္စလာမ်ဟာ ပရဟိတ လူထုအကျိုးပြုလုပ်ငန်း၊ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်း၊တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီခြင်း၊ပတ်ဝန်းကျင်ကိုအေးချမ်းသာယာမှုဖော်ဆောင်စေခြင်းလုပ်ငန်းနှင့် စာနာထောက်ထားညှာတာခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အထူးအလေးပေး လမ်းညွှန်​တိုက်တွန်းထားတဲ့ သာသနာတစ်ခုလည်းဖြစ်တယ်။

လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုမှ လစ်လျူရှုလို့မရနိုင်တဲ့ အိမ်နီးနားချင်းနဲ့ဆိုင်ရာ ကိစ္စရပ်တွေမှာ အစ္စလာမ့်ရဲ့သွန်သင်မှုဟာ အလွန်အင်မတန်မှပင် နူးညံ့လှပြီး ကြည်နူးဖွယ်ရာကောင်းလှပါတယ်။

တမန်တော်မြတ်သခင်ရဲ့ သြဝါဒတော်တစ်ရပ်မှာ "နှစ်ဘဝနှစ်ဌာနကို အသင်တို့ဟာ လက်ခံယုံကြည်ကြတယ်ဆိုရင် အိမ်နီးနားချင်းများကို ဒုက္ခပေးခြင်းမှရှောင်ကြဉ်ကြပါ" ဟူ၍လည်းကောင်း နောက်သြဝါဒတော်တစ်ရပ်မှာ "ဟင်းချက်ပါကလည်း ဟင်းရည်ပိုချက်ပြီး လိုအပ်နေသော အိမ်နီးနားချင်းများကို ဝေငှကြပါ" ဟူ၍လည်းကောင်း စသဖြင့် မိမိတို့ရဲ့ပတ်ဝန်းကျင်ကို အေးချမ်းသာယာစေဖို့ အချင်းချင်းချစ်ခင်မှုတိုးပွားစေဖို့ လမ်းညွှန်ချက်များ ချစ်စရာကောင်းလှတဲ့အပြုအမူများနဲ့ ခြယ်မှုန်း ထားတဲ့ သာသနာတစ်ခုလည်းဖြစ်တယ်။

အစ္စလာမ်သာသနာတော်ရဲ့ လမ်းညွှန်ချက်မှာ အိမ်နီးချင်းမွတ်စ်လင်မ်တစ်ဦးရထိုက်တဲ့ အခွင့်အရေးနဲ့ မွတ်စ်လင်မ်မဟုတ်သူ ဘာသာခြားတစ်ဦးရထိုက်သော အခွင့်အရေးမှာ တန်းတူပဲဖြစ်တယ်။ ဘယ်ပုံဘယ်နည်းနဲ့မှခွဲခြား ဆက်ဆံရန် ညွှန်ကြားထားခြင်းမျိုးမရှိသလို တစ်ကိုယ်ကောင်းဆန်မှုတွေကိုလည်း တိုက်ဖျက်ဖို့ လမ်းညွှန်ထားတဲ့ သာသနာတစ်ခုလည်းဖြစ်တယ်။

ကျယ်ပြောလှတဲ့ လူမှုဆက်ဆံရေးမှာ ဘာသာခြားများနှင့်​လည်း အပြန်​အလှန်ချစ်ခင်မှုတိုးပွားစေရန် ဆက်ဆံရေးခိုင်မြဲစေရန် လက်ဆောင်များပေးခြင်း လက်ဆောင်ပေးမှုကို လက်ခံခြင်း စသဖြင့် တမန်တော်မြတ်သခင်ရဲ့ သမိုင်းကို ဖတ်ရှုလေ့လာတဲ့အခါ တွေ့ရှိနိုင်ပါတယ်။

ဘာသာခြားများအား ဖိတ်ခေါ်ကျွေးမွေးခြင်း သူတို့ရဲ့ဖိတ်ခေါ်ကျွေးမွေးမှုကိုလက်ခံခြင်း တစ်ဝိုင်းထဲလက်ဆုံစားခြင်း စသဖြင့် ကိုယ်တော်မြတ်သခင်ရဲ့သမိုင်းတွေမှာ ဒုနဲ့ဒေးတွေ့မြင်နိုင်ပါတယ်။ နဗဝီဝတ်ကျောင်းတော်မှာ အစ္စလာမ်ကို လက်ခံထားသူများမဟုတ်တဲ့ စကီးဖ်မျိုးနွယ် အုပ်စုတစ်ခုကို တမန်တော်ဧည့်ခံခဲ့တယ်ဆိုတဲ့သမိုင်းကိုလဲ ထင်းထင်းကြီးတွေ့မြင်ရပါလိမ့်မယ်။

အစ္စလာမ်မဟုတ်သူ ဘာသာခြားတစ်ဦးဦးနာမကျန်းဖြစ်နေပါက သွားရောက်မေးမြန်းရန်မှာလည်း အစ္စလာမ်သာသနာက အလေးအနက်တိုက်တွန်းထားတဲ့ ကိစ္စရပ်တစ်ခုလည်းဖြစ်​တယ်။

မိုဟမ္မဒ်သခင်ကိုယ်တော်တိုင် မိမိရဲ့ဘာသာခြားမိတ်ဆွေ နာမကျန်းဖြစ်နေတဲ့အခါ သွားရောက်မေးမြန်းဆုတောင်းချွေပေးခဲ့တာတွေ အကြင်နာမေတ္တာတွေမျှဝေပေးခဲ့တာတွေကို သမိုင်းကို ပြန်လှန်လေ့လာကြည့်ပါက ကွက်ကွက်ကွင်းကွင်းတွေ့ရပါလိမ့်မယ်။

လူသားဆန်ခြင်း၊လူ့ကျင့်ဝတ်ကိုနားလည်ခြင်းတို့နှင့်အတူ တန်းတူညီမျှဆက်ဆံခြင်း၊ခွဲခြားမှုမပြုခြင်းနဲ့ စိတ်နေသဘောထား မွန်မြတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ပြသထားသော အစ္စလာမ်သာသနာဟာ ဘာသာမတူပါက ခွဲခြားရမယ်ဆိုတဲ့ အယူဝါဒဆိုးကြီးကို လက်ကိုင်မှုမပြုထားတဲ့ သာသနာတစ်ခုဖြစ်တယ်ဆိုတာ လေ့လာကြည့်မယ်ဆိုရင် အသေအချာမြင်တွေ့ရမှာပါ။

ဒါဟာ အစ္စလာမ်ရဲ့ ခွဲခြားမှုမရှိခြင်း၊တန်းတူညီမျှဆက်ဆံခြင်း၊ရိုင်းပင်းကူညီခြင်းတွေပါပဲ ဒါကြောင့်မို့ မဟုတ်မမှန်လုပ်ကြံစွပ်​စွဲပြောဆိုနေတဲ့ စကားရပ်တွေကို ဦးနှောက်ထဲကထုတ်ပစ်ပြီး အမှန်တရားကို လေ့လာဖို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်။

Mufti Bashirullah