ထားဝယ်ခရီးတစ်ခေါက်

in #esteem6 years ago

ကဗျာတွေ စာတွေ မရေးတာကြာပါပြီ။
ထားဝယ်ကိုသွားပြီးပြန်လာတော့ စာရေးချင်လာတယ်.. မသွားခင် ထားဝယ်အကြောင်း အွန်လိုင်းကရှာဖတ်.. သွားစရာလည်စရာရှာ၊ ရှင်ကိုးရှင်ဘုရားတွေရဲ့ အကြောင်းနဲ့တည်နေရာရှာ.. သွားစရာ လည်စရာ ပတ်စရာ ကမ်းခြေတွေ အကြောင်းရှာ.. တကယ်တော့ သိပ်များများစားစားက ရှာမတွေ့ပါဘူး။ ခရီးသွားစာမျက်နှာက ဆောင်းပါးလေးတစ်ပုဒ်ရတယ်။ ဆောင်းပါးထဲမှာတော့ ကမ်းခြေတွေပေါကြောင်းနဲ့ လည်စရာနေရာတွေ၊ သွားပုံသွားနည်းတွေ၊ ဆက်သွယ်ရန်လိပ်စာ ဖုန်းနံပါတ်တွေ စသည်ဖြင့်တော်တော်စုံစုံ ပါတယ်။ ဆောင်းပါးရှင် ရေးတာက လိုင်းကားနဲ့ ထားဝယ်သွား၊ ဟိုရောက်တော့ ဆိုင်ကယ်သို့မဟုတ် ကားငှားပြီး လည်ရတဲ့အကြောင်းတွေ တော်တော်ရေးထားတယ်။ သူ့အစီအစဉ်နဲ့ သူ့စာကတော့ ပြည့်စုံပါတယ်။ သူ့ကျေးဇူးနဲ့ ကမ်းခြေတွေရဲ့အမည်၊ တည်နေရာနဲ့ သွားလာရပုံတွေ သိရတယ်။ နောက်တစ်ခါ MRTV-4 အစီအစဉ်က ရှင်ကိုးရှင်ဘုရား အကြောင်းတွေသိရတယ်။ အားလုံးခြုံလိုက်တော့ ကိုယ်က ကိုယ့်ကားနဲ့ ကိုယ်တိုင် ကားမောင်းသွားမှာဆိုတော့ လိုအပ်တာလေးတွေ သိချင်တာတွေ အများကြီးကျန်နေသေးတယ်။ ထားဝယ်က သူငယ်ချင်းတွေဆီ လှမ်းစုံစမ်းတော့လည်း သူတို့ရှင်းပြတာ သိပ်နားမလည်။ ဒီလိုနဲ့ ထားဝယ်ကို သွားဖြစ်လိုက်တယ်။ ဟိုတယ်ကိုတော့ ရောက်တဲ့အချိန် နောက်ကျမှာဆိုတော့ လှမ်းချိတ်လိုက်တယ်။ ကျွန်တော်တို့တည်းတာက New Power ဟိုတယ်ပါ။ သက်သာပါတယ်။ တစ်ရက်ကို နှစ်ယောက်ခန်း တစ်ခန်းမှ ၂၂၀၀၀/ကျပ်ပဲ ပေးရတဲ့ နံနက်စာ၊ ရေပူ၊ Wifi၊ ပါတဲ့ဟိုတယ်ပါ။ အမြင့်လိုချင်တာနဲ့ လေးထပ်ကအခန်းတွေကို သေချာမှာလိုက်တာ။ အခန်းကလဲ ၄ခန်း ယူမှာဆိုတော့ တစ်ထပ်ထဲရချင်တာရောပေါ့လေ။ ဒူးတော့ညောင်းတယ်ဗျ။ ဓာတ်လှေကားမရှိဘူး။
ဒီလိုနဲ့ဘဲ ကျွန်တော်နေတာက ရေဆင်း ဆိုတော့ ခရီးစဉ်ကို နံနက် (၄) နာရီမှာ အိမ်ကစထွက်ဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့မိတ်ဆွေသူငယ်ချင်းလည်းဖြစ်ပြီး သမီးတွေကလည်း သူငယ်ချင်းတွေဖြစ်တဲ့ အဖေါ်ကားတစ်စီးလည်းပါတယ်။ မိသားစုနှစ်စု ပေါင်းထွက်ဖြစ်တာပါ။ တစ်ခါမှ မရောက်ဖူးတဲ့နေရာသွားတာ ဆိုတော့ အားကိုးကတော့ GPSပါပဲ။ Google Maps လဲသုံးတယ်။ အကြိုက် ဆုံးကတော့ maps.me apk လေးပါ။ မသွားခင်ကတည်းက download လုပ်ပြီး လမ်းကြောင်းလေးရှာ၊ နေရာလေးတွေမှတ်၊ အချိန်လေးခန့်မှန်း၊ တော်တော်အဆင်ပြေပြီး တကယ်သုံးတော့လည်း နေရာတွေမှန်ပါတယ်။ အချိန်တွက်ချက်မှုကတော့ အားလုံးတွက်ချိန် မမှန်ပေမဲ့ ရောက်ချိန် ခရီးအကွာအဝေးကျန်တာ တွက်တာတော့ တော်တော်အဆင်ပြေပါတယ်။ တစ်ခါတစ်လေတော့ သူဆွဲတဲ့လမ်းကြောင်းက အဆင်မပြေတာ ရှိပေမယ့် နယ်ခံတွေ မေးလိုက်ရင် မှန်ကန်တဲ့ လမ်းကြောင်းကို ရပါတယ်။ အမြန်လမ်းက မောင်းသွားတာပါ။ ဘုရားကြီးလမ်းခွဲကို (၃း၃၀)နာရီလောက် မောင်းပြီးရောက်ပါတယ်။ နံနက်စာကို (၁၁၅)မိုင်မှာ စားလိုက်ပါသေးတယ်။ (၃၉)မိုင်လမ်းခွဲအဆင်းက နီလာရိုးမ ဆိုင်မှာ ဆီဖြည့်ပြီး ဆက်မောင်းပါတယ်။ ဆီဈေးက နေပြည်တော်ထက် သက်သာပါတယ်။ စိမ်းလဲ့တင်ကို (၁) တစ်နာရီလောက်မောင်းရတယ်။ စိမ်းလဲ့တင်ကနေ မော်လမြိုင်ကို (၃)နာရီလောက် မောင်းပြီး နေ့လည်စာကို မော်လမြိုင်မြို့မှာ စားပါတယ်။ နေ့လည် (၁၂း၃၀)နာရီလောက်ရောက်တယ်လေ။ ခန့်မှန်းတာက နေ့လည် (၁၁)နာရီလောက် ဆိုပေသည့် နှစ်စီးဆိုတော့ သူ့စောင့်မောင်း ကိုယ့်စောင့်မောင်းနဲ့ အားလုံးပေါင်း (၈)နာရီလောက်ကြာ သွားတာပေါ့လေ။ မော်လမြိုင်ကနေ သံဖြူဇရပ်ကို တစ်နာရီလောက်မောင်းရပြီး ရေးမြို့ကို (၂)နာရီလောက်မောင်းတော့ ရောက်တယ်။ ရေးမြို့ အထွက်က ဆီဆိုင်မှာ ဆီဝင်ထည့် ဝိတ်လျော့ ပေါ့လေ။ ဒီနေ့ခေတ် ခရီးသွားရတာက ဆီဆိုင်တွေလည်းများ သန့်စင်ခန်းအတွက်က သူတို့က ဝန်ဆောင်မှုပေးတော့ သွားရတာ အဆင်ပြေတယ်လေ။ ဆီဈေးက နေပြည်တော်ထက်တော့ သက်သာပြီး ဘုရားကြီးဆိုင်ထက်တော့ ဈေးကြီးတာပေါ့။ ဆီကတော့ စိတ်ချရပါတယ်။ ကျွန်တော်ကားတော့ အသွားရော အပြန်ရော အဆင်ပြေတယ်လေ။ တောင်တက်လမ်းလေးကိုတော့ မလွဲတောင်မှာ ကြုံတွေ့ရပြီး တောင်ထိပ်မှာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်ခြားမှတ်တိုင်ရှိပါတယ်။ အဲဒီနေရာမှာ ဓါတ်ပုံရိုက်နိုင်ပါတယ်၊ မှတ်တမ်းတင်နိုင်ပါတယ်။ ပြီးရင်တော့ မလွဲတောင် အဆင်းလမ်းပိုင်းရောက်ပြီဆိုတော့ အကွေ့အကောက် လမ်းအတိုင်း မောင်းသွားပြီး ကလိန်အောင်မြို့ကို (၁)နာရီ လောက်မောင်းတော့ ရောက်ပါတယ်။ ဒီဘက်လမ်းအနေအထားက မှန်မှန်ဖြေးဖြေးဆိုရင် မိုင် (၅၀)ကို နှစ်နာရီနှုန်း လောက်ပါပဲ။ ကလိန်အောင် နဲ့ ထားဝယ်က (၄၈)မိုင်လောက် ဝေးသေးတယ်ဆိုတော့ (၂၄)နာရီအတွင်း ရှင်ကိုးရှင် ဖူးချင်ရင်တော့ အသွားကတည်းက ကလိန်အောင်မြို့က တောင်ထိပ်မှာ တည်ထားတဲ့ ရှင်ဆံတော်စေတီကို ပထမဆုံး ဝင်ရောက်ဖူးမျှော်တာ အဆင်ပြေဆုံးဖြစ်ပါတယ်။ ရှင်ဆံတော် စေတီ တောင်တက်လမ်းက မတ်သလိုရှိပေမဲ့ အဆင်ပြေပါတယ်။ နဲနဲမတ်တော့ တောင်ပေါ်ကို ဂီယာကြီးနဲ့ သတိထားပြီး မှန်မှန်မောင်းတက်လိုက်ရင် (၁၀)မိနစ် (၁၅)မိနစ်နဲ့ရောက်သွားမှာပါ။ ရှင်ဆံတော်စေတီကတော့ ကလိန်အောင်မြို့ အထွက် သံတံတား မရောက်မှီ လမ်းမလက်ယာဘက်မှာ မုတ်ဦးရှိပြီး အဲဒီကနေ တောင်ပေါ်ကို တက်ရောက်ဖူးမျှော်ရမှာပါ။ ရှင်ဆံတော်စေတီက ပြန်ဆင်းလာပြီး (၁)နာရီကျော်လောက် မောင်းရင် မောင်မယ်ရှောင် ကျေးရွာမှာရှိတဲ့ ရှင်ဓာတ်ဝဲ ဘုရားကို ဝင်ရောက်ဖူးရပါမယ်။ ထားဝယ်မြို့နဲ့ (၈)မိုင်လောက်ဘဲ ဝေးပါတော့တယ်။ ပြီးရင်တော့ ထားဝယ်ကို (၂၀)မိနစ်လောက် မောင်းပြီး တည်းခိုမယ့် ဟိုတယ်ကို ရောက်နိုင်ပါတယ်။ ဈေးကောင်းတဲ့ ဟိုတယ်တွေလဲ ရှိပါတယ်။ ကိုယ်တွေကတော့ အိပ်ရုံဘဲနားမှာမို့ New Power မှာတည်းဖြစ်ပါတယ်။ New Light ဟိုတယ်လဲ သက်သာပါတယ်။ ဟိုတယ်နှစ်ခုလုံးက ညီအစ်ကိုတွေ ပိုင်တာလို့ပြောတယ်။ ကိုယ်တွေရောက်တော့ ည (ရး၃၀)နာရီ လောက်ရောက်ရှိပြီဆိုတော့ ဟိုတယ်မှာ အိတ်တွေချ၊ အခန်းယူ ပြီးတာနဲ့ DDPC mall မှာ ညစာသွားစားပါတယ်။ နောက်နေ့မနက် နံနက်စာစားပြီး ဟိုတယ်နဲ့နီးတဲ့ ရှင်ဥသြဘုရားကို သွားဖူးနိုင်ပါတယ်။ ပြီးရင်တော့ ထားဝယ်မြို့ထဲက ရှင်ပင်ခရုစေတီကို သွားရောက်ဖူးနိုင်ပါတယ်။ သူကလဲ မြိတ်မြို့အသွားလမ်း လမ်းမဘေးမှာ လမ်းခွဲမရောက်မှီ လက်ယာဘက်မှာ ဝင်ရောက်ဖူးနိုင်ပါတယ်။ အချိန်ရရင်တော့ ထားဝယ်မြို့ရဲ့ အကြီးဆုံးစေတီတစ်ဆူဖြစ်တဲ့ ရှင်ဥသြဘုရားနားက ရွှေတောင်စားစေတီကို ရှင်ပင်ခရုစေတီ မဖူးမှီ ဝင်ရောက်ဖူးနိုင်ပါတယ်။ ထားဝယ်မှာတည်းခိုတာဆိုရင်တော့ ညရောက်မှ လာရောက်ဖူးရင်လဲ ရပါတယ်။ အဲဒီနောက် ထားဝယ်မြို့ထဲကထွက်ပြီး (၂၅)မိနစ်လောက်မောင်းတာနဲ့ ရှင်မုတ္တီးဘုရားကို လမ်းမရဲ့လက်ယာဘက်မှာ ဝင်ရောက် ဖူးနိုင်ပါတယ်။ ပြီးရင်တော့ ထားဝယ်မြို့နဲ့ အဝေးဆုံး သရက်ချောင်းမြို့မှာရှိတဲ့ ရှင်တောင့်ပုံစေတီကို သွားရောက်ဖူးပါတယ်။ ထားဝယ်မြို့ကနေ (၁း၃၀)နာရီလောက်တော့မောင်းရပြီး ရှင်မုတ္တီးဘုရား ကဆိုရင်တော့ (၁) နာရီလောက် မောင်းရင်ရောက်ပါတယ်။ ရှင်တောင့်ပုံအတက်လမ်းက နဲနဲကျဉ်း အတက်လဲ နဲနဲကြမ်းတော့ ဂီယာကြီးနဲ့ဘဲတက်တာကောင်းပါတယ်။ စစ်ကိုင်းတောင်အတက်ထက်သာပါတယ်။ Light Truck၊ ခွေးဘီလူး၊ Bus ကားကြီးတွေတော့ တက်ခွင့်မပေးပါဘူး။ ရှင်တောင့်ပုံစေတီ သွားလမ်းက ထားဝယ်မြို့နဲ့ မြိတ်မြို့ အသွားလမ်း လမ်းရဲ့ လက်ဝဲဘက်မှာ ရှိပါတယ်။ ရဲစခန်းမရောက်မှီ လမ်းမဘေးက ရှင်တောင့်ပုံကားဂိတ်နားမှာ တောင်တက်လမ်းရှိပါတယ်။ ကျွန်တော်တို့တော့ GPS လမ်းပြမှားတော့ ခြေကျင်လမ်းက တက်မိလို့ နောက် ပြန်ဆုတ်ရပါသေးတယ်။ အခုပြောတဲ့ ဘုရားအားလုံးဖူးပြီး ရင်တော့ ထားဝယ်ဘက်ကမ်းက သမိုင်းဝင်ဘုရားတွေ ဖူးမျှော်ပြီးပြီဖြစ်လို့ ကမျောကင်းတံတားကိုဖြတ်ပြီး တစ်ဖက်ကမ်း လောင်းလုံးမြို့နယ်ထဲက ဘုရားသုံးဆူဘဲကျန်ပါတော့တယ်။ ရှင်ဇလွန်စေတီက (၃၀)မိနစ်လောက် မောင်းပြီး သွားရောက်ဖူးမျှော်ကြရမှာပါ။ အသွားမှာ ရှင်တောက်ထိန်ကို လမ်းမရဲ့ လက်ဝဲဘက်မှာ တွေ့နိုင်ပြီး အပြန်မှာ ဖူးရင်တော့ လမ်းပိုသင့်မှာပါ။ မောင်းမကန်အသွားကားလမ်းဘက်ကို မောင်းလိုက်ပြီး မောင်းမကန်လမ်းခွဲဘက်မလိုက်ဘဲ တစ်ခြားဖက်ကို (၃၀)မိနစ်လောက် မောင်းရင်ဖြင့် ရှင်ဇလွန်စေတီတော်ကို ရောက်ရှိဖူးမျှော်နိုင်ပါတယ်။ အပြန်မှာတော့ ရှင်တောက်ထိန်ဘုရားကို ဖူးရမှာပါ။ ပြီးရင်တော့ ထမင်းဆာတဲ့အချိန် ဖြစ်ပြီဆိုတော့ နည်းနည်းသည်းခံပြီး လောင်းလုံးမြို့ကို ကျော်အောင်မောင်းပြီး ရေဖြူရွာဖက်ရောက်ရင်တော့ စားသောက်ဆိုင်ကောင်းကောင်းရှိပါမယ်။ လောင်းလုံးမြို့မှာတော့ ဆိုင်နည်းနည်းရှားပါတယ်။ နောက်ဆုံးဘုရားမြတ်ရှင်မော်ကိုတော့ ထားဝယ်မြို့ကနေ (၂း၃၀)နာရီလောက်မောင်းရင်ရောက်မှာပါ။ အသွားမှာ ကမ်းခြေကို သွားတဲ့လမ်းတွေ မှတ်သားပြီး အပြန်မှာ ဝင်ရမှာပါ။ ပြန်ချိန်ကတော့ ကိုယ်မောင်းတဲ့အမြန်နှုန်း ကြာချိန်တွေကို ချိန်ညှိပြီး မောင်းနိုင်ပါတယ်။ မြတ်ရှင်မော်ဘုရားက အပြန်မှာ အနားက မြင်းခွာအော်ကမ်းစပ်မှာ ဝင်ရောက်ဆော့နိုင်ပါတယ်။ ရေကြည်ပါတယ်။ ရေချိုချိုးစရာလဲ ရှိပါတယ်။ အုန်းစိမ်းရေကတော့ တစ်လုံးတစ်ထောင်ပါ။ ကျန်နေရာတွေကတော့ တစ်လုံးတစ်ထောင့်ငါးရာပါ။ နောက်တစ်ကမ်းစပ် တစ်ခု ကတော့ ညောပြင်ကနေတစ်ဆင့်သွားရတဲ့ ဖိုးဖိုးကျောက်ကမ်းပါ။ အရင်က ကားလမ်းမပေါက်ပေမယ့် အခုသွားလို့ရနေပါပြီ။ အတက်လေးတစ်ခုက ကျဉ်းပြီး မတ်တော့ အရှိန်လေးနဲ့ ဟွန်းတီးပြီး တက်သင့်ပါတယ်။ ဖိုးဖိုးကျောက်ကမ်းက အလှဆုံးလို့ ဆိုရမှာပါ။
နောက်တစ်နေရာကတော့ ဆင်ထောက်ကမ်းနဲ့ တစ်ခြားကမ်း (၂)ခုပါ။ အဲဒီသုံးခုကတော့ နောက်မှလာရင်ပိုကောင်းမှာပါ။ ကမ်းစပ်ကို ကားလမ်းလဲ အဆုံးထိမပေါက်တော့ ဆိုင်ကယ်တို့ လှေတို့နဲ့ တစ်ဆင့်သွားရမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ မရောက်ခဲ့ပါဘူး။ ဆင်ထောက်ကမ်းမှာက ညအိပ်မယ်ဆို ဘန်ဂလို (၇)ခုလောက် ရှိတယ်လို့ပြောပါတယ်။ ကောင်းတာကတော့ ကင်းထောက်တဲလေးတွေ ယူသွားရင်တော့ ကောင်းမှာပါ။ တီဇစ်ကမ်းလဲ လှတယ်လို့ပြောပါတယ်။ ကျွန်တော်တို့တော့ နောက်တစ်ခေါက်ရောက်ဖြစ်ရင် ကမ်းစပ်တွေကိုပဲ အဓိကထား လည်မယ်၊ ဓါတ်ပုံရိုက်မယ်လို့ စိတ်ထဲတေးထားမိပါတယ်။
မောင်းမကန်ကမ်းစပ် လည်တဲ့နေ့မှာတော့ မျှော်ရစ်ဘုရားကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ဓါတ်ပုံရိုက်စရာ နေရာ ကောင်းပါ။ ငါးခြောက်လဲ ဝယ်မယ်ဆို နေရာမှန်ပါ။ ထားဝယ်ကို ငါးခြောက်သွင်းတဲ့ အဓိကနေရာလို့ ဆိုပါတယ်။ မောင်းမကန်ကမ်းခြေက ရေတက်ချိန်မှာ ရေကစားလို့ ပိုကောင်းပါတယ်။ ကမ်းစပ်ကို နီးနီးလေးသွားရုံနဲ့ ရေဆော့နိုင်ပါတယ်။ ကျွန်တော်တို့ ရောက်ခဲ့တာ လပြည့်နေ့နံနက်ခင်းပိုင်းဆိုတော့ ရေအေးနေတော့ နေ့လည် (၁) နာရီ (၂)နာရီ အထိဆော့လို့ ကောင်းပါတယ်။ ညနေပိုင်း ရေကျချိန်မှာတော့ ရေက မနက်ကလို မအေးဘဲ ပူနေပါတယ်။ ရေကျသွားတော့ ကမ်းကလဲ အဝေးကြီးထိ သွားမှ ခါးလောက်ဘဲရေရှိပါတယ်။ ညနေရေကျချိန်ဆို ရွာသားတွေ ခရုရှာနေကြတာလည်း ကြုံခဲ့ပါတယ်။ ဓားတိုလေးတွေ ကိုယ်စီကိုင်ပြီး ရေထဲမှာရှာတာကိုလည်း တွေ့ခဲ့ပါတယ်။ ခရုတစ်ကောင်ကို တစ်ရာကျပ်ကနေ နှစ်ရာကျပ် ရတယ်လို့ပြောပါတယ်။
အပြန်နေ့မှာတော့ စိမ်းလဲ့တင်မှာ ဝင်လည်ရင်း၊ အမြန်လမ်း (၇၆)မိုင်မှာ KFC ကြက်ကျော်စားရင်း (ဘီယာတော့မရောင်းလို့ သောက်ချင်ရင် ရှေ့ဆိုင်မှာ ဝယ်လို့ရကြောင်း) ဒီခရီးအတွက် ဆီတော့ အားလုံး တစ်သိန်းနှစ်သောင်းဖိုးလောက်နဲ့ လမ်းဖြတ်ခ၊ မြို့ဝင်ကျေး ခန့်မှန်း သုံးသောင်းလောက် ပေးရကြောင်း သုံးသပ်ရင်း အေးအေးဆေးဆေး သမီးနဲ့ တစ်လှည့်စီမောင်းရင်း အိမ်ကို (၁၀း၃၀) မှာ ချောမောစွာ ပြန်ရောက်ခဲ့ပါကြောင်းနှင့် ထားဝယ်မြို့ ရှင်ကိုးရှင်ဘုရားဖူးနဲ့ မောင်းမကန်ခရီးစဉ်အကြောင်းကို မျှဝေလိုက်ရပါတယ်။ image