ပထမဦးဆုံးများ
မြန်မာအမျိုးသမီးများထဲမှ ဆေးပညာအက်ဖ်အာရ်စီအက်စ်(FRCS)ဘွဲ့ကိုပထမဦးဆုံးရရှိခဲ့သောဆရာဝန်မကြီးမှာ ဒေါက်တာဒေါ်စောစဖြစ်သည်။မြန်မာအမျိုးသမီးဆေးပညာရှင်များ၏မိခင်ကြီးဟုလည်းခေါ်နိုင်ပါသည်။ယခုခေတ်ဆေးကျောင်းသူလေးများ၏ဘွားဘွားကြီးဟုခေါ်လျှင်လည်းမှားမည်မဟုတ်။သို့သော်ဆရာဝန်မကြီးဒေါက်တာဒေါ်စောဆမှာ လင်ချစ် သားချစ် အပူရှာသူမဟုတ်ပဲ တစ်ကိုယ်ရည် တစ်ကာယဘဝဖြင့် လွတ်လပ်စွာ လူတိုင်းကို သားစိတ် သမီးစိတ်ဖြင့် ကုသကယ်တင် ကြင်နာယုယခဲ့သူဖြစ်သည်။"ဒေါ်ဒေါ်ဆ ဒေါ်ဒေါ်ဆ"နှင့် လူငယ်ပိုင်း၏ ချစ်ခင်လေးစားမှုကိုအများဆုံးရရှိခဲ့သောသူဖြစ်သည်။သူ၏ နာမည်ကိုက ခပ်ဆန်းဆန်းရယ်။
ဆရာဝန်မကြီး ဒေါ်ဆ၏မွေးနေ့မှာ ကောဇာသက္ကရာဇ် ၁၂၄၆ခုနှစ် ဝါခေါင်လဆန်း၁၀ရက်၊ခရစ်သက္ကရစ် ၁၈၈၄ခုနှစ်၊သြဂုတ်လ ၁ရက်နေ့ဖြစ်သည်။ပြည်မြို့နယ်ပိုင်ဝန်ထောက် ဦးဘိုးစော၏ ခြောက်ယောက်မြောက်သမီးဖြစ်သည်။ခြောက်ယောက်မြောက်သမီးဆိုသည့်အတိုင်း ဖခင်အမည်နှင့်တွဲ၍ မစောဆဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ပထမသမီးကို မစောအစ်၊ဒုတိယသမီးကို မစောဒွေး၊တတိယသမီးကို မစောတဟူ၍ အစဉ်လိုက်မှည့်ခေါ်ပြီး မစောဆမှာ ခြောက်ယောက်မြောက်ဖြစ်သောကြောင့် စောဆဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ထိုခေတ်ထိုအခါက အင်္ဂလိပ်စာတတ်ဖို့မှာ လွယ်လှသည်မဟုတ်။အမျိုးသမီး အေ-ဘီ-စီ-ဒီသင်ရကောင်းလားဟု ကဲ့ရဲ့ကြသောခေတ်။သင်ချင်တိုင်းသင်ရအောင်လည်း အင်္ဂလိပ်ကျောင်းကမပေါများလှ။စရိတ်စက အကုန်အကျကလည်းများလှသဖြင့် တော်ရုံလူမသင်နိုင်။၁၉၀၆ခုနှစ်တွင် ဒေါ်စောဆသည် သာသနာပြုကောလိပ်မှ အက်ဖ်အေ စာမေးပွဲကိုအောင်မြင်ခဲ့သည်။အသက်၂၂နှစ်အရွယ်တွင်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်တွင် ယူနီဗာစီတီးကား မရှိသေး။ကောလိပ်သာရှိသည်။
အက်ဖ်အေ အောင်ပြီးသော် ဒေါ်စောဆသည် ငါးနှစ်အကြာတွင် ဆေးကောလိပ်မှ အယ်လ်အက်စ်အမ် ဘွဲ့ကို ၁၉၁၁ခုနှစ်တွင်ရရှိခဲ့သည်။ရိုးရိုးဘွဲ့မျိုးမဟုတ်ဘဲ ဆေးသိပ္ပံပညာနှင့်ဆရာဝန်အတတ်ကို တတ်မြောက်ထားခြင်းမှာ ထိုခေတ်ထိုအခါက အလွန်ထူးခြားလှသည်။နောက်တစ်နှစ် ၁၉၁၂ခုနှစ်တွင် အက်ဖ်အာရ်စီဟူသော ရခဲလှသည့်ဘွဲ့ထူးကို တော်ဝင် ဆေးပညာကောလိပ်မှ ပထမဦးဆုံး မြန်မာအမျိုးသမီးအနေနှင့်ဆွတ်ခူးရရှိခဲ့လေသည်။မြန်မာအမျိုးသမီးများထဲမှ ဒေါ်စောဆသည် ထိုဆုကိုပထမဦးဆုံးရရှိခဲ့သည့်အတွက် နိုင်ငံ၏ကျက်သရေဆောင်လည်းဖြစ်သည်။