မြန်မာဆန်ဆန်
အက်ဖ်အေ အောင်ပြီးသော် ဒေါ်စောဆသည် ငါးနှစ်အကြာတွင် ဆေးကောလိပ်မှ အယ်လ်အက်စ်အမ် ဘွဲ့ကို ၁၉၁၁ခုနှစ်တွင်ရရှိခဲ့သည်။ရိုးရိုးဘွဲ့မျိုးမဟုတ်ဘဲ ဆေးသိပ္ပံပညာနှင့်ဆရာဝန်အတတ်ကို တတ်မြောက်ထားခြင်းမှာ ထိုခေတ်ထိုအခါက အလွန်ထူးခြားလှသည်။နောက်တစ်နှစ် ၁၉၁၂ခုနှစ်တွင် အက်ဖ်အာရ်စီဟူသော ရခဲလှသည့်ဘွဲ့ထူးကို တော်ဝင် ဆေးပညာကောလိပ်မှ ပထမဦးဆုံး မြန်မာအမျိုးသမီးအနေနှင့်ဆွတ်ခူးရရှိခဲ့လေသည်။မြန်မာအမျိုးသမီးများထဲမှ ဒေါ်စောဆသည် ထိုဆုကိုပထမဦးဆုံးရရှိခဲ့သည့်အတွက် နိုင်ငံ၏ကျက်သရေဆောင်လည်းဖြစ်သည်။
ဒေါ်စောဆသည် အမျိုးသမီးဆေးပညာလောက၏ မီးရှူးတန်ဆောင်ဖြစ်သည့်အားလျော်စွာ ရန်ကုန်ဆေးရုံကြီးနှင့် ဒပ်ဖရင်ဆေးရုံကြီးတွင်အမှုထမ်းရင်း အသက်ပေါင်းများစွာကိုကယ်တင်ခဲ့သည်။မျက်နှာဖြူ မျက်နှာနီများကြားထဲတွင် ဘီးဆံထုံးကြီးတကားကားနှင့် ပုဝါစုံချပြီး ခန့်ခန့်ငြားငြားအသွင်အပြင်ဖြင့် တိုင်းပြည်အတွက်လုပ်အားပေးခဲ့သောသူ့ဓာတ်ပုံ များကိုယခုအချိန်ထိ မှတ်မိနေသေးသည်။ရန်ကုန်ဆေးရုံကြီးအမျိုးသမီးလူနာဌာန၌လက်ထောက်ဆရာဝန်မကြီးအဖြစ်ဖြင့်လည်းကောင်း၊ဒပ်ဖရင်ဆေးရုံကြီးတွင် ၁၉၁၄ခုနှစ်မှ ၁၉၂၁ခုနှစ်ထိ ၇နှစ်တိုင်အောင် ဆေးရုံအုပ်ကြီးအဖြစ်ဖြင့်လည်းကောင်းတာဝန်ယူရင်း အမျိုးသမီး မိခင်လောင်းများစွာ၏အသက်ကို ကယ်တင်ခဲ့ဖူးသည်။လူ့ပြည်သို့ဘွားကနဲ ရောက်လာကာစ သားသမီးလေးများအား ဒေါ်စောဆသည်ကြင်နာယုယသော ကြင်နာယုယသောအသည်နှလုံးဖြင့်လည်းကောင်း၊ သူ၏နူးညံ့သောလက်နျစ်ဖက်ဖြင့်လည်းကောင်း၊ဆီးကြိုနှုတ်ဆက် ပွေ့ဖက်ချီမြောက်ခဲ့သူဖြစ်သည်။သူမေ်းပေး၍ လူလားမြောက်ကာ အကျော်အမော်ဖြစ်နေသောပုဂ္ဂိုလ်များကား မည်မျှရှိမည်ဟု မခန့်မှန်းနိုင်ပါ။ဥရောပ၏ မီးခွက်ရှင်မခေါ် ဂရုဏာရှင်မကြီးဖလောရင့် နိုက်တင်ဂေးနှင့် နိုင်းယှဉ်တင်စားသင့်သည်။
ဒေါ်စောဆသည် ငါဆရာဝန်မကြီးဖြစ်ပြီဟူ၍ ရောင့်ရဲတင်းတိမ်မနေခဲ့ပါချေ။ထိုသို့သောကြောင့် ၁၉၁၃ခုနှစ်တွင် ပီအိပ်ခ်ျဒီ ဘွဲ့ကိုရရှိခဲ့လေသည်။ဆေးနှင့်ကုတာထက် ဒေါ်စောဆ၏ မေတ္တာစေတနာနှင့်ကုတာက ပိုပြီးများပါတယ်ဟုပြောကြသည်z