ဟုတ်သလိုလိုပဲနော် သူပြောထားတာလည်း

in #esteem6 years ago

Fb ပေါ်က အဖေက သမီးကိုပြောတဲ့စာလေးပါ

ရည်းစားဆိုတာထားရမယ် သမီး...ရည်းစားထားရမယ့်အရွယ်မှာ ထားကိုထားရမယ်...သမီးမိန်းကလေးမို့လို့ ရည်းစားမထားရဘူးလို့တာမြစ်မယ့်အဖေတွေထဲမှာ ဖေဖေ မပါဘူး...

ဖေဖေကတော့ မိန်းကလေးဖြစ်လို့ကို ရည်းစားထားကိုထားသင့်တယ်လို့ ယူဆတယ်...ရည်းစားထားတယ်ဆိုတာ အိမ်ထောင်ပြုဖို့အတွက် ပထမခြေလှမ်းပဲ...ဒုတိယခြေလှမ်းဖြစ်တဲ့အိမ်ထောင်ပြုခြင်းဆီကိုသွားဖို့ အရေးတကြီးစတင်ဖို့လိုအပ်တဲ့ပထမခြေလှမ်းဟာ ရည်းစားထားခြင်းပဲ သမီး... image

ဖေဖေ့သမီး အပျိုကြီးဖြစ်မှာကို ဖေဖေမလိုလားဘူး...သမီးမိန်းကလေးကို သင့်တော်တဲ့အချိန်မှာအိမ်ထောင်ချပေးရမယ်ဆိုတဲ့ မိဘဝတ္တရားကိုလည်း ဖေဖေ ကျေချင်တယ်...ဒါကြောင့် ဖေဖေတို့ဘက်က ရှာဖွေပေးစားဖို့မလိုအောင် သမီးအစွမ်းနဲ့သမီး ယောက်ျားကောင်းတစ်ယောက်ကို ရှာဖွေဖို့ ရည်းစားထားပါ သမီး...

ယောက်ျားတွေအကြောင်းသိဖို့ ရည်းစားထားရမယ်...လောကအကြောင်းသိဖို့ ရည်းစားထားရမယ်...လူတွေအကြောင်းသိဖို့ ရည်းစားထားရမယ်...ငွေကြေးရဲ့တန်ဖိုးကိုသိဖို့ ရည်းစားထားရမယ်...သဘာဝအလှအပတွေကို ခံစားတတ်ဖို့ရည်းစားထားရမယ် သမီး... image

အနုပညာကိုနားလည်နိုင်ဖို့ ရည်းစားထားရမယ်...သီချင်းတွေကို ခံစားတတ်ဖို့ရည်းစားထားရမယ်...ရုပ်ရှင်တွေကိုခံစားတတ်ဖို့ရည်းစားထားရမယ်...ကဗျာတွေကို နားလည်နိုင်ဖို့ရည်းစားထားရမယ် သမီး...

မျှော်လင့်ချက်တွေထားတတ်ဖို့ ရည်းစားထားရမယ်...အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ ရည်းစားထားရမယ်...ကျန်းမာခြင်းရဲ့တန်ဖိုးကို အသေအချာသိဖို့ရည်းစားထားရမယ်...ခွင့်လွှတ်ခြင်း သည်းခံခြင်းတွေကို နားလည်ဖို့ ရည်းစားထားရမယ်...အချစ်ကိုသိဖို့ ရည်းစားထားရမယ်...အမုန်းကို ခံစားတတ်ဖို့ရည်းစားထားရမယ် သမီး...

နားလည်မှုပေးတတ်ဖို့ ရည်းစားထားရမယ်...မသိချင်ယောင်ဆောင်တတ်ဖို့ ရည်းစားထားရမယ်...ဥပေက္ခာပြုတတ်ဖို့ ရည်းစားထားရမယ်...လွမ်းတတ်ဖို့ ရည်းစားထားရမယ်...မျှော်တတ်ဖို့ ရည်းစားထားရမယ်...သတိရတတ်ဖို့ ရည်းစားထားရမယ်...တမ်းတတတ်ဖို့ ရည်းစားထားရမယ်...အသည်းကွဲတတ်ဖို့ ရည်းစားထားရမယ် သမီး... image

အသစ်တွေ့ရင် အဟောင်းမေ့တတ်ဖို့ ရည်းစားထားရမယ်...အချစ်ကြောင့်ဖြစ်တဲ့ဒဏ်ရာတွေကို အချစ်နဲ့ပဲပြန်ကုစားတတ်ဖို့ ရည်းစားထားရမယ်...အလိမ်အညာတွေကို ဝေဖန်ပိုင်းခြားတတ်ဖို့ ရည်းစားထားရမယ်...အမူအယာတွေကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့ ရည်းစားထားရမယ်...အရေးကြီးတာနဲ့အရေးမကြီးတာတွေကိုခွဲခြားသိဖို့ ရည်းစားထားရမယ် သမီး...

ရည်းစားဘဝနဲ့လိင်ကိစ္စရဲ့ရောထွေးနေမှုတွေကို အသေအချာကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရည်းစားထားရမယ်...မျိုးဆက်ပွားကျန်းမာရေးအကြောင်း ကောင်းကောင်းနားလည်ဖို့ ရည်းစားထားရမယ်...သားအိမ်ခေါင်းကင်ဆာအကြောင်း သေသေချာချာသဘောပေါက်ဖို့ ရည်းစားထားရမယ်...ကွန်ဒုံးတစ်ခုရဲ့အသုံးဝင်မှုကိုနားလည်စေဖို့ ရည်းစားထားရမယ်... image

ဟုတ်တယ် သမီး...လောကကြီးရဲ့ဖြစ်ခြင်းပျက်ခြင်းသဘောတရားတွေကို သေသေချာချာနားလည်သဘောပေါက်ဖို့ ဖေဖေ့သမီး ရည်းစားထားရမယ်...

ရည်းစားထားရာမှာ တစ်ယောက်တည်းမထားရဘူး သမီးရဲ့...တစ်ယောက်ထက်ပိုထားရမယ်...များများထားနိုင်လေ သမီးအတွက်ပညာရလေပဲ...ယောက်ျားဆိုတာ လေ့လာလို့မကုန်နိုင်ဘူးကွ...ဒါကြောင့် ယောက်ျားအမျိုးအစားများများကို တွေ့ကြုံဖူးဖို့ ရည်းစားများများထားရမယ်...

တစ်ယောက်မကောင်းလို့နောက်တစ်ယောက်ပြောင်းတာဟာ ရှက်ရွံ့စရာမဟုတ်သလို ပတ်ဝန်းကျင်ကိုဂရုစိုက်ပြီး တွန့်ဆုတ်နေစရာလည်းမလိုဘူး...ပတ်ဝန်းကျင်ဆိုတာ ဒီခေတ်ကြီးထဲမှာ ချီးမွမ်းတစ်မနက် ကဲ့ရဲ့တစ်မနက်ပါ သမီးရယ်...လူတိုင်းဟာ ကိုယ့် post နဲ့ကိုယ် အလုပ်ရှုပ်နေကြတာ...သူတပါး post မှာ ဝင်ယောင်နေဖို့ ဘယ်သူမှအချိန်မအားဘူး...

ဒါကြောင့် ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ လွတ်လပ်စွာဆုံးဖြတ်ချက်ချတတ်တဲ့အကျင့်ကိုမွေးပါ...အိမ်ထောင်ပြုပြီးမှ လင်များနေရတာထက် အိမ်ထောင်မကျခင် ရည်းစားများနေရတာကပိုသာပါတယ်... image

မကောင်းတဲ့ယောက်ျားတစ်ယောက်ပို သည်းခံပြီးပေါင်းနေရတဲ့မိန်းမတွေကို ဖေဖေ သဘောမကျဘူး သမီး...ပန်းတစ်ပွင့်ပဲပန်တာကို မိန်းမကောင်းဆိုပြီးဂုဏ်ပြုကြတဲ့ခေတ် ကုန်သွားပါပြီကွာ...ရည်းစားများတယ်ဆိုတာ မကောင်းတဲ့ယောက်ျားကို သည်းခံပြီးမပေါင်းတတ်ဘူးလို့ ကြေငြာရာရောက်တယ် သမီးရဲ့...

လူ့လောကအကြောင်းဘာမှမသိဘဲ လင်ယောက်ျားပြုသမျှနုရနေရတဲ့မိန်းမဖျင်းမိန်းမညံ့မျိုးမဖြစ်ချင်ရင် လွတ်လပ်တဲ့ဘဝမှာ ရည်းစားထားပြီး လောကကြီးအကြောင်းသင်ယူပါ...အရေးကြီးတာ သမီးကိုယ်သမီး တန်ဖိုးထားတတ်ဖို့ပဲ...သမီးရဲ့တန်ဖိုးကို သမီးသေချာသိရင် ကိုယ့်တန်ဖိုးနဲ့ညီမျှတဲ့ယောက်ျားကို ဖေဖေ့သမီး ရှာဖွေနိုင်လိမ့်မယ်... image

🌸🌺🌸🌺🌸🌺🌸🌺🌸🌺🌸🌺🌸🌺🌸🌺🌸🌺