ကျားခြောက်တဲ့ည
ကျားခြောက်တဲ့ည
ကျွန်တော် ဘာသာရေးသမားမဟုတ်ပါ။ အလွန်အကျွံဘာသာတရား ကိုင်ရှိုင်းသူတစ်ဦးလည်း မဟုတ်ကြောင်း ကြိုတင်ဝန်ခံထားလိုပါသည်။
ကျွန်တော် လစာထုတ်ဆင်းသည့်တစ်ရက်တွင်ဖြစ်သည်။ လစာထုတ်ပြီး ဝယ်ထားသည်များကို ဘောလုံး ကွင်းထဲရှိ ထွန်စက်ကိုသွားတင်ပေးရာ
“ဆရာ … ကျွန်တော်တို့ ဒီညပဲ ပြန်မှာ မနက်အထိ မနေဘူး”
“ဘာဖြစ်လို့လဲဗျ”
“ညတွင်းချင်းပြန် … မနက်စောစော ပဲအိတ်တွေပြန်တိုက်ပြီး ဆင်းရမှာမို့ပါ။ အဲဒါ တစ်ခါတည်း လိုက်ခဲ့ပါလား”
မနက်ဆိုလျှင် ကုန်းကြောင်းပြန်ဖို့ဆိုသည်မှာ မသေချာ။ ထွန်စက်ကြုံရှိတုန်းလိုက်မှဖြစ်မည်။ ကျွန်တော်လည်း မနက်ဖြန် ကျောင်းကိုပြန်ရောက်ရန် အရေးကြီးသည်။ စာမေးပွဲကိစ္စတွေကို အရေးတကြီး လုပ်ရန်ရှိနေသည်။
ည ၇ နာရီခွဲလောက်မှ ကျွန်တော်တို့ ထွန်စက်ထွက်နိုင်သည်။ ကျွန်တော်က ထွန်စက်နောက်တွဲထဲမှ ဆန်အိတ် များပေါ်တွင် အိပ်ပြီးလိုက်လာသည်။ ဇန်နဝါရီလကုန်လောက်ဆိုသော်လည်း အလွန်အေးသည်။ ထွန်စက်က အမိုးလည်းမပါ၊ လေကလည်းတိုက်သဖြင့် ပါလာသည့် လွှာစောင်လေးကို လုံအောင်ခြုံပြီး ကွေးနေရသည်။
ထွန်စက်ဆောင့်သည့်ဒဏ်ကြောင့် ဗိုက်တွေလည်းနာနေသည်။ ဘုရားကြီးတွင် လက်ဖက်ရည်သောက်ခဲ့ သောကြောင့် အိပ်ချင်စိတ်မရှိသော်လည်း ထွန်စက်နောက်တွဲနံရံကို မှီပြီး စောင်နှင့် ကွေးနေရသည်။ လေဒဏ်က အတော်လေးအေးသည်။ ထွန်စက်မောင်းနှင့် နောက်လိုက်ကတော့ တောအရက်တွေသောက် ထားပုံရသည်။ သူတို့ဆီကအနံ့က လေသင့်တိုင်းနံနေသည်။
ခရီးအတော်လေးပေါက်လာပြီး ဆိတ်ဖလူးချောင်းအတက်တွင် ထွန်စက်ကအတော်လေး ရုန်းနေရသည်။
“ဝူး … ဝူး … ဖောင်း …. ဝရော”
စက်ကရုန်းရင်း ထပေါက်ပြီး ကုန်းအတက်ကို နောက်ပြန်လျှောဆင်းလာသည်။ ကျွန်တော်က ကြောက်လန့်ပြီး ခုန်ဆင်းရန် ပြင်သည်။ သို့သော် ကျွန်တော် ခုန်ဆင်းလိုက်လျှင် ထွန်စက်နင်းပြီး သေမှာအမှန်ပင်။ ဖြစ်ချင်ရာဖြစ် ဆိုပြီး အလယ်ဘောင်တန်းကိုဆုပ်ထားလိုက်ရသည်။
“ဒုန်း”
နောက်တွဲက ချောက်ကမ်းနံရံကို ပြေးဆောင့်သည်
“ဆရာ … ဆရာ … ဘယ်လိုလဲ”
“အေး … ရတယ် … ဘာမှမဖြစ်ဘူး”
“ကျွန်တော်တို့လည်း ဘာမှ မဖြစ်ဘူး”
ကျွန်တော်က လက်နှိပ်မီးနှင့်ထိုးကြည့်သည်။ ထွန်စက်က စက်သေနေပြီ
“ဆရာ … သွားပြီ … မရတော့ဘူး။ သောက် … အရေးကြီးပါတယ်ဆိုမှ”
ကောင်လေးတွေက ထွန်စက်ကို ဟိုနှိုက် သည်နှိုက်လုပ်ကြသည်။
“မရတော့ဘူးဆရာ”
“ဆိတ်ဖလူးနဲ့ ဘယ်လောက်ဝေးသေးသလဲ”
“ဆရာ … လမ်းလျှောက်ရင် ဆရာ့ခြေနဲ့ဆိုရင် နာရီဝက်လောက်နဲ့ရောက်တယ်။ ဒီမှာတော့ အရမ်းအေးတယ် ဆရာ။ ၁၀ နာရီခွဲပဲရှိသေးတယ်။ ကျွန်တော်တို့ မနက်မှပဲ ပြင်နိုင်တော့မယ်။ ကုန်တွေကလည်း ထားခဲ့လို့မရဘူး။ စောင့်ရဦးမှာဆိုတော့ ဆရာတစ်ယောက်တည်း ဆိတ်ဖလူးဘက်ကို တက်သွားပါလား။ မှားစရာ မရှိဘူး။ ကားဘီးရာလမ်းကြောင်းအတိုင်းသာလိုက်သွား။ ချောင်းရိုး တည့်တည့်ပဲ။ နာရီဝက်လောက် ဆိုရင် ရွာရောက်မယ်”
ဆိတ်ဖလူးရွာမှ ဆရာကြီးက သဘောကောင်းသည်။ ခင်စရာလည်းကောင်းသည်။ ဘာဖြစ်ဖြစ် သူ့အိမ်တွင် တစ်ညအိပ်ပြီး မနက်မိုးလင်းလျှင် ကျွန်တော် တာဝန်ကျရာရွာသို့ လမ်းလျှောက်ရန်သာရှိတော့သည်။
“အေး … ဒါဆို ငါသွားတော့မယ်”
“ဆရာ … တစ်ယောက်တည်း ဖြစ်ပါတယ်နော် … အားနာလိုက်တာ … ကျွန်တော်တို့မှာလည်း ကုန်တွေပါနေ လို့ပါ”
“ရပါတယ်ကွာ … ငါဒီညတော့ ဆိတ်ဖလူးမှာပဲ အိပ်မယ်။ မနက်မှ အစောကြီးထပြန်မယ်”
ကျွန်တော် လက်နှိပ်မီးလေးတစ်လက်ဖြင့် ချောင်းကမ်းရိုး ကားဘီးလမ်းကြောင်းအတိုင်း လိုက်ခဲ့သည်။ ရှေ့တွင် တောထဲဖြတ်ရမည်။ တောထဲကထွက်လျှင် ရွာကိုလှမ်းမြင်ရမည်ကို ကောင်းကောင်း မှတ်မိနေသည်။
ကားလမ်းက လယ်ကွင်းထဲကို ဖြတ်ဖောက်ထားသဖြင့် ရိုးပြတ်တွေက ခြေထောက်ကိုထိုးပြီး ရှတတ၊ စပ် ဖျဉ်းဖျဉ်းဖြစ်နေသည်။ ကျောပိုးအိတ်ကိုလွယ်ပြီး လက်နှိပ်မီးတစ်လက်နှင့် ခြေကုန်သုတ်နေရသည်။ လကလည်းမရှိ။ လက်နှိပ်မီးရောင်ကိုသာ အားကိုးနေရသည်။
တောထဲဝင်ရတော့မည်။ တောက ကုန်းစောင်းလေးအတိုင်း တက်သွားရမည်ဖြစ်သည်။ ရာသီက အေးနေသော် လည်း အမြန်လျှောက်နှုန်းနှင့် ကျောပိုးအိတ်အလေးက ချွေးပြန်စေသည်။ သို့သော် တောထဲအဝင်တွင် စိမ့်ခနဲဖြစ်သွားသည်။
ကျွန်တော့်လက်နှိပ်မီးရောင်ထဲတွင် ဝင်းခနဲတွေ့လိုက်ရသည်။ ချေတစ်ကောင်ဖြတ်ပြေးသွားသည်။ တောအုပ်က ပိုပြီး မှောင်နေစေသည်။ ကျွန်တော်လမ်းအတိုင်း လိုက်ခဲ့သည်။ ကွင်းစပ်ကို ထွက်ခါနီးပြီ။ လှမ်းမြင်နေရသည်။
ကျွန်တော့်ရှေ့က လူတစ်ယောက်သွားနေသည်။ သေချာသည် လူတစ်ယောက်။ သူက လက်ထဲတွင် မီးခွက် အုပ်ဆောင်းတစ်ခုဖြင့် သွားနေခြင်းဖြစ်သည်။ ကျွန်တော်က သူ့ကို လက်နှိပ်မီးနှင့်ထိုးရင်း
“ဟေး …” ဟု အော်လိုက်ရာ သူက ရပ်နေသည်။ သူ့အနီးကိုအရောက်တွင် သူက
“ဘယ်သူလဲ … မှောင်နေမှပဲ … အချိန်မတော် … နောက်ဆို တောထဲမှာ တစ်ယောက်ယောက်ကိုတွေ့ရင် လှမ်းမခေါ်နဲ့”
“ဘာဖြစ်လို့လဲဗျ”
“မခေါ်ဆို မခေါ်နဲ့ပေါ့ … ဒါနဲ့ ဘယ်လဲ”
“ဆိတ်ဖလူးကို … ဟိုး … ချောင်းအောက်မှ ထွန်စက်ပျက်နေလို့”
“သြော် ဒါကြောင့်ကို စက်သံကြားပြီး ဘာကြောင့် အသံပျောက်သွားသလဲလို့ … မြို့ကလား”
“မဟုတ်ဘူး … ဆိတ်ဖလူးက ဆရာကြီးဆီကို သွားမလို့”
“သြော် … ဆရာကြီးဦးဘမြင့်ဆီလား”
“ဟုတ်တယ် … ဆရာကြီးဆီ”
“လိုက်ခဲ့ … လိုက်ခဲ့ … ကျွန်တော်လည်း အဲဒီရွာက အသုဘကိုသွားမလို့”
“ဘယ်သူသေလို့လဲဗျ”
“ကံရှိန်”
ကျွန်တော်က သူ့နောက်ကို မနည်းပြေးလိုက်နေရသည်။ သူကတောသားပီပီ လမ်းလျှောက်တာတော့ မြန်သည်။
“ဒီကားလမ်းအတိုင်းသွားရင်ကြာတယ်။ ပြီးတော့ ရှေ့ကွင်းထဲမှာ ကျားရှိတယ်။ ရွာထဲကို ဖြတ်လမ်းအတိုင်း ပတ်သွားမယ်”
“သွားလေ”
သူက စကားမပြော ရှေ့ကဆက်လျှောက်နေသည်။ ကျွန်တော်တို့ ရွာစည်းရိုးကို မြင်နေရသည်။
“ရှေ့ဆက်သွားပေတော့။ အဲဒီစည်းရိုးကိုကျော်လိုက်ရင် ရွာထဲပဲ။ ဆရာကြီး ဦးဘမြင့်အိမ်က ရွာလယ်မှာ”
“ရွာထဲရောက်ရင် ရပါပြီ ကျွန်တော်သိတယ်။ သွားလေဗျာ”
“ကျွန်တော် မလိုက်တော့ဘူး။ ဒီမှာခဏနေခဲ့ဦးမယ်။ သွားနှင့်”
သူကလမ်းဘေးကို ဖဲ့ဆင်းသွားသည်။ သူဆင်းသွားသည့်နေရာကို ကျွန်တော်က မီးထိုးပေးလိုက်ရာ သင်္ချိုင်း မြေပုံတွေကို တွေ့လိုက်ရသည်။ သူက ဇရပ်လိုလိုဘက်ကို ဆင်းသွားသည်။ ကျွန်တော်က ကျောချမ်းချမ်းဖြင့် ရွာထဲကိုဝင်လိုက်သည်။
ရွာထဲရှိ အောက်လင်းမီးထွန်းထားသော အိမ်တစ်အိမ်၌ လူတွေအများကြီးဖြစ်နေသည်။ ဖဲဝိုင်းဖြစ်နေပုံရသည်။ ကျွန်တော်က လူအုပ်ထဲကိုလှမ်းကြည့်လိုက်ရာ တိုက်ပုံအနက်နှင့် ဆရာကြီး ဦးဘမြင့်ကို တွေ့လိုက်ရသဖြင့် အိမ်ထဲဝင်လိုက်ပြီး
“ဆရာကြီး” ဟုခေါ်လိုက်ရာ
“ဟေ့ … ဘယ်တုန်းကရောက်နေသလဲ လာ … လာ … ထိုင် … ထမင်းစားလာပြီးပြီလား”
“ဘယ်စားရဦးမလဲ”
“ဟေ့ … ဒီမှာ ဧည့်သည့်တစ်ယောက် ထမင်းကျွေးဖို့ ပြင်ပါဟေ့”
ကျွန်တော်က ထမင်းစားနေစဉ် ဆရာကြီးက
“ဒီမှာညအိပ်မှာလား”
“ဟုတ်ကဲ့”
ကျွန်တော်ကဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်သည်။ နောက်ဆုံး ရွာကို လူတစ်ယောက်နှင့် လိုက်လာသည် အထိ ပါသည်။
“ဟ … မဟုတ်သေးဘူးနဲ့တူတယ်”
“ဘာဖြစ်လို့လဲဆရာကြီး”
“ခင်ဗျား ကားလမ်းအတိုင်း လာရင် နီးနီးလေး။ ဘာဖြစ်လို့ အဲဒီကောင်က သင်္ချိုင်းဘက်က ခေါ်လာရတာလဲလို့”
“သူက အဲဒီဘက်က ပိုနီးတယ်ဆိုလို့”
“လာ … လာ … အိမ်သွားရအောင် ခင်ဗျား အိပ်ချင်ရောပေါ့”
ကျွန်တော်က ထမင်းစားပြီး ရေနွေးကြမ်းသောက်နေရာက ကျောပိုးအိတ်ကို နောက်လှည့်ပြီး ယူလိုက်သည်။ ဓာတ်ပုံတစ်ပုံနှင့် အဝတ်အစားများခင်းထားသည်။ သောက်ရေနှင့် ထမင်းပွဲလည်းပြင်ပေးထားသည်။ သေသူဖြစ်မည်။ ကျွန်တော် သေသေချာချာကြည့်လိုက်ပြီး ကြောင်သွားသည်
“ဟေ့လူ … သွားမယ်လေ”
“ဆရာကြီး … ဒါ သေသွားတဲ့သူလား”
“အေးလေ”
“နာမည်က”
“ကံရှိန်လေ”
“သူ့အလောင်းက”
“သင်္ချိုင်းဇရပ်ထဲမှာလေ … ကျားကိုက်လို့ သေတာဆိုတော့ ရွာထဲပြန်မယူတော့ဘူး”
“ကျားက ဘယ်မှာကိုက်တာလဲ”
“ခင်ဗျားဖြတ်လာတဲ့ တောအုပ်ထဲမှာ”
တင်ညွန့်
photo : google