အလှအပတောင်တန်း
ပင်လယ်တစ်ခုလုံးကို သိမ်းပိုက်ထားဖို့အထိ အိမ်မက်ခဲ့တဲ့ ကျနော်
တောင်တန်းတွေဆီမှာ ခြေဆန့်ဖို့ အိမ်မက်ခဲ့တဲ့ကျနော်...
စကားကြီးစကားကျယ်တွေပြောသူ အဖြစ်နဲ့ အပေါင်းအသင်းတွေကြားမှာ မဲ့ပြခံခဲ့ရတဲ့ကျနော်..။
ကျနော့ရဲ့ အသဲကွဲပုံပြင်ထဲမှာတော့ ကျကျနနလှလှပပ ကျရှုံးသွားခဲ့တဲ့ ကျနော့ရဲ့ ရှုံးနိမ့်ခြင်း ဒိုင်ယာရီ.. ဒါမှ မဟုတ်..အလွမ်းတေးသွားတစ်ပုဒ်..
ကျနော့ရဲ့ ဘဝမှာ ဘယ်တော့မှ မရှုံးနိုင်ရအောင် အနိုင်ယူပြမယ်လို့ ကျနော် ကြွေးကြော်ခဲ့ဖူးတယ်။ သူငယ်ချင်းတွေကတော့ မင်းစကားလုံးတွေ ပါးစပ်နဲ့မဆံ့တော့ဘူးတဲ့ ။
ကျနော်မမှုပါဘူး။
ကျနော့်ရဲ့အိမ်မက်ကိုသာ ကျနော်ယုံကြည်တယ်။ ကျနော်ယုံကြည်မှုထဲမှာ ကျနော် ပျော်ခဲ့တယ်။ ဘယ်သူ့ကိုမှ မမှုကြေး..။
ပြောရရင် လောကတစ်ခုလုံးထဲမှာတောင် ကျနော့ကိုယ် ကျနော် ကံအကောင်းဆုံးလူရယ်လို့ သတ်မှတ်ထားခဲ့သူ။ ဟုတ်တယ်လေ ။ ရှိတဲ့ ညီအစ်ကိုလေး နှစ်ယောက်မှာမှ မိဘတွေက ကျနော့ကိုမှ ပိုချစ်ခဲ့ကြတယ်။ ပိုပြီး အလိုလိုက်ခဲ့ကြတာကိုး..။
စာ ဆိုတာလည်း ကျောင်းစနေကတည်းက အတန်းထဲ ခေါင်းမော်ရလောက်အောင် တော်ခဲ့တဲ့ ကျနော်။အတန်းသားတွေထဲမှာလည်း ကောင်းပေ့ ညွှန့်ပေ့တွေကိုမှ သုံးစွဲခဲ့တဲ့ကျနော်ဟာ အဖေတို့အမေတို့ကို ဘယ်တော့မှ မျက်နှာမငယ်စေခဲ့သူလေ။
အဲ့ဒီတော့ ကျနော့မှာ ပြောအားရှိတာပေါ့။ ကျနော့အပြောတွေကို မကြည်လင်ကြပေမဲ့ ရက်ရောတဲ့ ကျနော့အပါးကနေ ဘယ်အပေါင်းအသင်းမှ ခွာမသွားခဲ့ကြဘူး။ ကျနော် သိပ်ကံကောင်းလွန်းခဲ့တယ် ။
ပထမဆုံးအကြိမ်အဖြစ် တက္ကသိုလ်မြေမှာ ခြေချမိတော့လည်း တက္ကသိုလ် ပါမောက္ခ အမေ့ကြောင့် ကျနော်ဟာ နာမည်ရပြီးသား ဖြစ်နေခဲ့ပြန်လေရဲ့။ ကျနော့ ဘဝပေးက ဘယ်လောက်များ ပျော်စရာ ကောင်းခဲ့သလဲ။ သူငယ်ချင်းတွေနဲ့ ပျော်ရင်းပါးရင်း ကျနော့ဘဝက မျက်နှာ ညှိုးခွင့်မရတဲ့ လို တ ရ ဖြစ်ခဲ့လေရဲ့။
အဲ့ဒါကြောင့်ထင်တယ်။ ကျနော် အသဲကွဲဝေဒနာကို မသိဘူး။ ငွေကြေးရဲ့ဒဏ်နဲ့ ကျဉ်းမြောင်းတဲ့ လောကဓံကို နားမလည်ဘူး။ ကျနော် ဖြစ်ချင်တဲ့အရာမှန်သမျှ ဖြစ်နေခဲ့လို့ ကျနော် ဖြစ်နေတာမှန်သမျှကို ကျေနပ်တယ်။ ကျနော့ အတ္တ ဆိုပါတော့....။
ပထမဆုံးအကြိမ် မင်းခန့်ဆီက အသဲကွဲညည်းသံကို ကြားရတော့ ကျနော် အော်ရယ်ပစ်ခဲ့တယ်။ငွေကြေးကြောင့် ဝေးကြရတယ်လို့ သူပြောတော့ ကျနော် အတော်ကြီး အံ့သြမိခဲ့ပါသေးတယ်။ ငွေကြေးဟာ အခက်အခဲလား။ ငွေကြောင့် ဘာလို့ ဝေးတာလဲ ဆိုတာကို ကျနော် အံ့သြနေမိခဲ့တယ်။
ပြီးတော့ ကျနော် ခေါင်းရှုပ်မခံခဲ့ဘူး။ ကျနော့ အိမ်မက်တွေထဲမှာပဲ ကျနော့် ဘာသာ နေပျော်မိခဲ့တယ်လေ။
ပထမဆုံးအကြိမ် ရင်ခုန်မိစက သူမက အလှပကြီး မဟုတ်ခဲ့ဘူး။ ဖြီးလိမ်းပြင်ဆင်နေတတ်သူတွေကြားမှာ သာမန်မိန်းကလေးအနေနဲ့ ကျနော် စတင်သတိထားမိခဲ့တာသာ ဖြစ်တယ်။ဟိတ်ဟန်မရှိ ပကတိရိုးသားခြင်းနဲ့ ရိုးရှင်းနေတတ်တဲ့သူမမှာ မာနတော့ရှိတယ်။ မာန်တော့ ရှိတယ်။ ကျနော်တို့ ထူးမခြားစွာနဲ့ ကျနော့သူငယ်ချင်းအုပ်စုထဲက ဝေယံရဲ့ သူငယ်ချင်းအဖြစ် သူမနဲ့ စတင် သိကျွမ်းခွင့်ရခဲ့တယ်။
သူမရဲ့ သာမန်ဟန်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတာ ကျနော် သဘောကျမိတယ်။ ကျနော့ကို ကပ်ဖားနေသူတွေထဲမှာ သူမသာကျနော်အပေါ် ခပ်မှန်မှန် ဆက်ဆံခဲ့သူ။
သူမရဲ့အိမ်မက်က ကျနော့ထက်တော့ စနစ်ကျတယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်ပြီး သူမယူနေတဲ့ ဘာသာရပ်မှာ ဒေါက်တာဘွဲ့ရအထိ ဖြစ်ချင်သူတဲ့။ ကျနော် လှောင်မရယ်ခဲ့မိဘူး။ ကျနော်သူမကို စိတ်ဝင်စားတဲ့အကြောင်း ပြောမိတော့ ပုံမှန်ပဲ ပြုံးရှာတယ်။ ပြီးတော့ ကျနော် နားမလည်တဲ့ ဘဝ စကားလုံးတွေနဲ့ ပြောပြတယ်။
သူမပြောတာတွေထဲမှာ ကျနော် နားလည်လိုက်တာ သူမမှာ အဖေအမေမရှိ ငွေမရှိ လို့ ဆွေမျိုးတွေဆီ လိုက်နေရတဲ့အကြောင်းရယ်။ စာတော်တဲ့သူမကို သူတို့ ဆွေရိပ်မျိုးရိပ် မကင်းတဲ့ ဘုန်းကြီး တစ်ပါးက ကျောင်းထားပေးတဲ့အကြောင်းရယ်ပဲ သိတယ်။ဒါပေမဲ့ သူမမှာ ဦးတည်ချက်ရှိတဲ့အကြောင်းလည်း မျက်လုံးတွေအရောင်တောက်ပနေတဲ့ကြားက ခိုင်မာတဲ့စကားအဖြစ်ပြောတာကို သိနေတယ်။ အဲ့ဒီအထဲမှာမှ ကျနော် သူမကို သနားစိတ်ဝင်နေမိတာ ဘာကြောင့်ဆိုတာ မပြောတတ်မိဘူး။ ကျနော်ရဲ့ မုန့်ဖိုးရတဲ့အထဲက သူမကို ပေးချင်နေမိတာတွေကို နားမလည်နိုင်ခဲ့ဘူး။
သူ ကျနော့ကို ပြောတာကတော့ ကိုယ့်မိဘကို ဂရုစိုက်ဖို့..။ မိဘဆိုတာ ဘုရားနဲ့နှိုင်းထားတဲ့ ကိုယ့်ရဲ့ကျေးဇူးရှင်တဲ့။ တခြားသူပြောတာဆိုရင် ကျနော် ရယ်ပစ်လိုက်မိမှာ ဖြစ်ပေမဲ့ ကျနော် မရယ်ဖြစ်ခဲ့ဘူး။
ခြေလှမ်းတွေ တည်ငြိမ်သွားပြီး တိတ်ဆိတ်သွားတဲ့ ကျနော့ကို အအပေါင်းအသင်းတွေက မေးငေါ့ကြတာ ကျနော် သိပေမဲ့ ဂရုမစိုက်အားခဲ့ဘူး။ အချိန်တိုင်း သူမစကားလုံးတွေကိုပဲ ကြားယောင်နေမိခဲ့တယ်။
ကျနော့ရဲ့ တက္ကသိုလ်တက်ချိန်ဟာ သူမနဲ့တွေ့ပြီးနောက်မှာ အပျော်အပါးနည်းခဲ့တယ်။ သူမဆီက ချစ်တယ်ဆိုတဲ့ စကားကိုပဲ ငံ့လင့်ရင်း ကျောင်းထဲက ကျနော့ရဲ့ တီးတိုး သတင်းတွေဟာ ကျနော် မကြားမိနိုင်အောင် ဖြစ်ခဲ့တယ်။
အဲ့ဒါအားလုံးသူမကြောင့်ဆိုတာ မှန်ပေမဲ့ သူမက ကျနော့ကို ညှို့ယူခဲ့တာတော့ မဟုတ်ပြန်ဘူး။ ကျနော့ကိုယ် ကျနော်သာ သူမဆီမှာ ငြိတွယ်ခဲ့တာ ဟုတ်တယ်။
သူမရဲ့ အပြောတွေကြားကနေပဲ ကျနော် အမေ့ကို ချစ်တတ်လာတယ်.. အဖေ့ကို ဂရုစိုက်တတ်လာတယ်။ လူသားတွေကို လူသားလို့ မြင်တဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ဖြစ်လာခဲ့လေရဲ့။
သူမက ကျနော့ကို ပြောခဲ့တယ်..သူမရဲ့ပင်ကိုယ်ဟန်အတိုင်း ပြတ်သားတဲ့လေသံနဲ့ပေါ့။
တကယ်တော့ မင်းက ငါ့ကို ချစ်တာမဟုတ်ပါဘူး။ ငါ့စိတ်နဲ့ ငါ့ခံယူချက်ကို သဘောကျနေတာပါ။ငါ့ဆီက စကားလုံးတွေနဲ့ မင်းကိုယ်မင်းပြုပြင်ရင်း မင်းကိုမင်း ချစ်နေတာပါတဲ့။တစ်နေ့ မင်းတကယ်ချစ်တဲ့သူတွေ့လာမှာပါတဲ့။ အထူးသဖြင့် မင်းက သိပ်မာနကြီးတဲ့ ဘဝကိုနားမလည်တဲ့သူတစ်ယောက်အနေနဲ့ မင်းထက် ပိုပြီးမာကျောတဲ့ ငါ့ဆီကမင်းခံစားချက်နဲ့ထပ်တူကျတဲ့ စကားတွေကြားရလို့ မင်း ကျေနပ်နေတာပါ။တဲ့။
သူမနောက်ဆုံး နိုင်ငံခြားမသွားခင်နေ့မှာ ကျနော့ကို ပြောသွားခဲ့ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် အမေကိုချစ်တတ်သွားတဲ့ သားတစ်ယောက်ကို ငါ တွေ့ခွင့်ရတာ ဝမ်းသာပါတယ်တဲ့။ အခုအချိန်မှာ ငါတို့ ဘဝတွေကို မဆုံးဖြတ်ချင်သေးဘူး တဲ့။ မင်းကိုယ်မင်း ယူကြုံးမရ ဝမ်းနည်းရတဲ့ နေ့ကို ရောက်တဲ့အခါ ငါ့ကို သတိရပါတဲ့။ မင်း ဝမ်းအနည်းရဆုံးသူဟာ မင်းအချစ်ဆုံးသူ အတွက်ပဲ ဆိုတာ မင်းသိလာမှာပါတဲ့။
ကျနော် သူမလက်ကို ဆွဲထားပြီး ထွက်မသွားပါနဲ့လို့ စိတ်ထဲက အတန်တန် အော်ဟစ်နေခဲ့ပေမဲ့ တကယ်တမ်းကျ အဲ့လို မလုပ်ဖြစ်ခဲ့ဘူး။သူမရဲ့ ဟောကိန်းလို ကျနော် ရင်ခုန်စေခဲ့သူက တကယ် တွေ့ခဲ့ပေမဲ့ ကျနော့စိတ်ကို သူမလောက် ဆွဲဆောင်နိုင်တဲ့လူတော မဟုတ်ခဲ့ဘူး...။
ဒါပေမဲ့ တစ်နေ့မှာတော့ ကျတော့ ဘဝရဲ့ ဝမ်းအနည်းရဆုံး ကျရှုံးခန်းဟာ ထင်းထင်း ပြတ်ပြတ် ပေါ်လာခဲ့ပါတယ်။
အဲ့ဒီနေ့က ကျနော် သိပ်ချစ်တဲ့ ကျနော့အမေ ဆုံးသွားတဲ့နေ့ပါပဲ။
ကျနော်အမေ့ကို အဲ့လောက်အထိ ချစ်နေခဲ့မှန်း ကိုယ့်ကိုယ်ကိုယ်တောင်မသိခဲ့ဘူး။ ကျနော့ကောင်းကင်တစ်ခြမ်း ပြိုပျက်သွားခဲ့သလို အမေကိုချစ်တတ်ဖို့ သင်ပေးခဲ့တဲ့ သူမကိုလည်း သတိရနေမိခဲ့တယ်။ ကျေးဇူးလည်း အထပ်ထပ်တင်နေခဲ့မိတယ်။
အဲ့ဒီအချိန် သူမကတော့ ကျနော် နဲ့ ကမ္ဘာ တစ်ဖက်ခြမ်း ဆီမှာ...
အဲ့ဒီနေ့ ညမှာပဲ
ကျနော်..
သူမဆီကို mail ပို့လိုက်မိတယ်။
( ငါ့အမေ ဒီနေ့ ဆုံးသွားတယ်...).... လို့ပေါ့...။
နောက်တစ်နာရီ အကြာမှာ သူမဆီက ပြန်စာလေး ရောက်လာခဲ့တယ်။
( မင်း ဝမ်းနည်းရဆုံး အချိန် ဖြစ်နေတယ် မဟုတ်လား..)တဲ့...။
ကျနော်..သူမဆီက ပြန်စာကို ဖတ်နေရင်း မျက်ရည်တစ်စက် ကီးဘုတ်ပေါ်ကို ပြုတ်ကျသွားခဲ့ တယ်။