ကျွန်တော်လူညံ့

in #esteemapp7 years ago

image

ကျွန်တော်လူညံ့

မနေ့က ပွဲတစ်ပွဲတက်ခဲ့ပါတယ်။ ဒါကြောင့် ညနေပိုင်း စာမရေးနိုင်ဘူး။ အခမ်းအနားတွေ ပွဲတွေ တက်ရတာ အလွန်မုန်းတယ်။ မဖြစ်မနေ တက်ရပေမယ့် ချောင်ထဲမှာ အေးအေးဆေးဆေးပဲ ထိုင်နေမိတယ်။ သူတို့လည်း ပြောချင်တာပြော ကိုယ်လည်းတွေးချင်ရာတွေးပေါ့။

ဆိုးတာက အဘိုးကြီးတွေ လေရှည်တာပဲ။ သူတို့ကို စကားပြောခွင့်ပေးလိုက်ရင် ဘယ်သူ့ကိုမှ အားမနာတော့ ဘူး။ ဟိုးရှေးရှေးတုန်းက … ဆိုပြီး အခမ်းအနားမှာ ပုံတက်ပြောတဲ့ အဘိုးကြီးတွေကိုလည်း အလွန် အမြင်ကပ်မိတယ်။

အခမ်းအနားက ညနေ ၃ နာရီကျော်နေပြီ။ ကျွန်တော်လည်း ပြောရရင် ဗိုက်ဆာပြီ။ နောက်ထပ် နာရီဝက် သည်းခံပြီး ထိုင်မှ အခမ်းအနားက ပြီးတော့တယ်။ ပြီးတော့လည်း ဘာမှ မဟုတ်ပါဘူး။ အခမ်းအနား မစမီ ပေးထားတဲ့ စာရွက်တွေထဲက ဟာတွေက ဖတ်ပြောနေကြတာ။ အခမ်းအနားတက်လာတဲ့ သူတွေက စာမတတ်တာကျနေတာပဲ။

မြန်မာတွေ အချိန်ပေါ၊ ငွေပေါ၊ လေပေါ … အဲဒီတောထဲမှာ ကိုယ်လည်း ပေါတောတောသွားထိုင်နေမိတာပဲ။

အခမ်းအနားပြီးတော့ ဘူဖေးတဲ့။ ကော်ဖီနဲ့ မုန့်တွေကျွေးတာ။ ကော်ဖီလေးတစ်ခွက်လောက် သောက်ချင်တာနဲ့ တန်းဝင်စီတယ်။

အဲဒီအချိန်မှာ စိတ်ပျက်စရာ ကောင်းတာတွေ ကြုံရတော့တာပဲ။ မြန်မာ့သောက်ကျင့် ကမ္ဘာကိုဖွင့်ပြကြတာ။ နိုင်ငံခြားသားတွေကအစ တန်းစီနေချိန်မှာ ကိုယ့်ရွှေမြန်မာတွေက တန်းမစီဘဲ ရှေ့ကနေ ဝင်ပြီးတော့ ကော်ဖီတွေ မုန့်တွေ ယူစားနေကြတယ်။ ကျွန်တော့်ရှေ့က နိုင်ငံခြားသူ အမျိုးသမီးကြီးက ခေါင်းလေး တဆတ်ဆတ်နဲ့။ ကျွန်တော်ရှက်လိုက်တာ။ စိတ်ပျက်လို့ မစားတော့ပါဘူး။ ဒီအတိုင်း ပြန်ထွက်ခဲ့တယ်။

ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ် သွားသတိရတယ်။

image

၂၀၀၇ ခုနှစ်ကလန်ဒန်မြို့ ဗစ်တိုးရီးယားဘူတာရုံရှေ့မှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးပါ။

၂၀၀၇ ခုနှစ်က လန်ဒန်မြေအောက်ရထားသပိတ်မှောက်မှုကြီးဖြစ်ပွားတယ်။ မြေအောက်ရထားတွေ သပိတ်မှောက်တော့ ဘတ်စ်ကားကိုပဲ အားကိုးကြရတော့တာပေါ့။ ဒါပေမဲ့ ဘတ်စ်ကားစီးမယ့်ဦးရေကလည်း များတော့ သူတို့နိုင်ငံမှာ တန်းစီပြီး တက်ကြရတယ်။

လူတန်းကြီးထဲမှာ ဝင်ပြီးတန်းစီနေတဲ့ သတင်းသမားတစ်ယောက်ပါတယ်။ သူ့နာမည်က ဂျရက် အက်ဒဝပ်တဲ့။ သူက ဘလော့ဂါတစ်ဦးလည်းဖြစ်ပါတယ်။

အဲဒီလို လူတွေတန်းစီပြီး ဘတ်စ်ကားစောင့်နေချိန်မှာ လူကြီးလူကောင်းဆန်ဆန် သားသားနားနား ဝတ်စား ထားတဲ့ လူတစ်ယောက်က အက်ဒဝပ်နောက်ကို ဝင်ပြီးတော့ ရပ်လိုက်တယ်။ အက်ဒဝပ်က ရှေ့နားလောက် ရောက်နေပြီ။ ဒီလူက တန်းမစီဘဲ တန်းစီ ထားတဲ့ လူတွေကြားကို ခပ်တည်တည် ဝင်ရပ်လိုက်တာ။

အက်ဒဝပ်က စိတ်ဆိုးတာပေါ့။ ဒါပေမဲ့ သူ ပြဿနာကို အေးအေးဆေးဆေး ရင်ဆိုင်သွားပုံလေးကို သူ့ဘလော့မှာ ရေးထားတာလေး ဖတ်ရတာ ကောင်းလိုက်တာ။

သူက နောက်မှာ ဝင်ရပ်နေတဲ့ ကျူးကျော်သူရဲ့ နောက်မှာ ရပ်နေတဲ့ မိန်းမကြီးတစ်ယောက်ကို အက်ဒဝပ်က ပြောလိုက်တယ်။

“အစ်မကြီး ကျွန်တော့်ရှေ့မှာ လာနေမလားဗျာ” တဲ့

အမျိုးသမီးကြီးကလည်း

“ဟုတ်ကဲ့” တဲ့

သူက အမျိုးသမီးကြီးကို သူ့ရှေ့မှာ နေရာပေးလိုက်တယ်။ သူက ကျူးကျော်တဲ့ လူကြီးမင်းကို ကျော်ပြီးတော့ နောက်တစ်ယောက်ကိုလည်း

“ကျွန်တော့်ရှေ့မှာ လာနေမလားဗျာ” လို့ မေးပြန်တယ်

နောက်တစ်ယောက်ကိုလည်း သူ့ရှေ့ပို့လိုက်ပြန်တယ်။

လူတွေက သဘောပေါက်စပြုလာတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် အက်ဒဝပ်က ရွှေ့သွားလိုက်တာ သူ့ရှေ့ကို လူ ၅၀ လောက် ရောက်သွားပါသတဲ့။ သူ့နောက်မှာ နောက်ဆုံး တစ်ယောက်ပဲ ကျန်တော့မှရပ်လိုက်ပြီးတော့ သူကဆက်ပြီး တန်းစီနေတယ်။

နောက်ကလူ ၅၀ လောက်ကို ရှေ့ကို ရောက်အောင်ပို့ပြီး သူက နောက်မှာ ကျန်နေခဲ့အောင် အနစ်နာခံကာ ပညာပေးတာ။

နောက်ဆုံး သူ့နောက်မှာ ကျူးကျော်သူကို တစ်ယောက်တည်း ကျန်အောင် ပညာပေးတာ
လူကြီးလူကောင်းလည်း မျက်နှာကြီးစူပုပ်နေပြီးပေါ့

ဒီအချိန်မှာ အက်ဒဝပ်ရှေ့က အမျိုးသမီးကြီးတစ်ယောက်က အက်ဒဝပ်ကို ပြောလိုက်တာ ရှက်တတ်ရင် လဲသေလို့ ရတယ်။

“ကောင်လေး … မင်း ငါ့ရှေ့မှာ လာရပ်ပါလား” တဲ့

ကျွန်တော် လူညံ့ပါ။ အဲဒီအကြောင်းကို သိပေမဲ့ ကျွန်တော် အက်ဒဝပ်လို ပညာမပေးနိုင်ခဲ့ပါ။

ဟိုက လန်ဒန်

ကျွန်တော်နေတာက ရန်ကုန်

တင်ညွန့်

photo : google

image