knowledgesteemCreated with Sketch.

in #knowledge7 years ago

ဘယ်လောက်ကြိုးစား ကြိုးစား လူအများရဲ့ ၀ိုင်းဝန်းကူညီမှုတွေ မရဘူးဆိုရင် ကျွန်တော်တို့ သိပ်အများကြီး လုပ်နိုင်မှာ မဟုတ်ဘူး ...

စီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ်၊ အလုပ်အကိုင်တိုးတက်ဖို့ဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေမှာဖြစ်ဖြစ် ဘ၀ရဲ့ ဘယ်ကဏ္ဍမှာမဆို ထိရောက်တဲ့ ရလာဒ်တွေကို လိုချင်ရင် ခေါင်းဆောင်မှုကို လေ့လာပြီး မြှင့်တင်နိုင်မှ ရမယ်။

  • ကျွန်တော်က ကိုနိုင်ဝင်းအောင် (Executive Coach) ပါ။ Mystery Shoppers Myanmar Company Limited နဲ့ Breakthrough Coaching, Training & Consulting မှာ C.E.O အနေနဲ့ တာဝန်ယူထားပါတယ်။

  • ကျွန်တော် အနေနဲ့ လုပ်ငန်းရှင်တွေနဲ့ အကြီးပိုင်း စီမံခန့်ခွဲသူတွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့၊ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုတွေ တိုးတက်လာဖို့အတွက် One on One Business Coaching တွေ၊ Strategic Planning Team Coaching တွေ လုပ်ပေးပါတယ်။

  • Coaching ကို လုပ်တဲ့အခါမှာ ကျွန်တော့်အနေနဲ့က သင်ပေးတယ်ဆိုတာထက် လူတွေအနေနဲ့ သူတို့လိုချင်တဲ့အဖြေကို သူ့ဟာသူ ရှာတွေ့လာအောင် ကူညီပေးတဲ့ သဘောပါပဲ။

Leadership

  • ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ်ဆို ရင် World Number One Leadership Expert လို့ သတ်မှတ်ခံရတဲ့ John C. Maxwell ဆီကနေ ခေါင်းဆောင်မှုကို လေ့လာသင်ယူလာပါတယ်။

  • ကျွန်တော်သဘောကျတဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ အဓိပ္ပ္ပာယ်ဖွင့်ဆိုချက် တစ်ချို့ ကို ကြည့်မယ်ဆိုရင်

  • ခေါင်းဆောင်မှုဆိုတာ လူတွေကို ကိုယ်လုပ်စေချင်တဲ့ အလုပ်ကို သူတို့အသိစိတ်ဓါတ်နဲ့ သူတို့လုပ်လာအောင် ဖန်တီးပေးနိုင်တဲ့ အနုပညာဖြစ်ပါတယ်။

  • ကျွန်တော်တို့ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေဟာ လူတွေကို ပိုပြီး အိပ်မက်တွေမက်လာစေမယ်၊ ပိုပြီး ကြိုးစားလာကြစေမယ်၊ ပိုပြီးလုပ်ကိုင်လာကြစေမယ်၊ ပိုပြီး ဖြစ်မြောက်လာကြစေမယ်ဆိုရင် ကျွန်တော်တို့ဟာ ခေါင်းဆောင်ဖြစ်လာပါမယ်။

  • ကျွန်တော့်ရဲ့ Mentor ဖြစ်တဲ့ Dr.John C. Maxwell ကတော့ ဘာပြောလဲဆိုရင် ခေါင်းဆောင်ဆိုတာ

Know the way - ဘယ်ကိုသွားရမလဲဆိုတာ သိရမယ်

Goes the way - အဲဒီလမ်းကို သူကိုယ်တိုင်လည်း သွားရမယ်

Shows the way - အခြားလူတွေကိုလည်း အဲဒီလမ်းကို ညွှန်ပြသူဖြစ်ရမယ်။

  • လူတစ်ယောက်အနေနဲ့ ဘ၀မှာ အောင်မြင်မှုများများ လိုချင်လေလေ ခေါင်းဆောင်မှုအရည်အချင်းက လိုလေလေ၊ အများအကျိုးအတွက်ပဲ ဖြစ်ဖြစ် တစ်ခုခုကို ထိထိရောက်ရောက်လုပ်ချင်လေလေ ခေါင်းဆောင်မှု အရည်အချင်းက လိုလေလေလို့ ပြောနိုင်ပါတယ်။

  • ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ အလုပ်တွေကို တစ်ဦးတည်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့နောက်မှ အားကိုးရတဲ့လူတွေ လိုပါတယ်။

  • အခြားကျွမ်းကျင်မှုအရည်အချင်းတွေ ဘယ်လောက်ရှိရှိ ဘယ်လောက်ကြိုးစား ကြိုးစား ခေါင်းဆောင်မှုအရည်အချင်း အားနည်းနေရင် လုပ်နိုင်ကိုင်နိုင်စွမ်းမှာ အားနည်းသွားတတ်ပါတယ်။

  • စီးပွားရေးလုပ်ငန်းတွေမှာ ကြည့်ကြည့်ရင် အချို့လုပ်ငန်းတွေဟာ အလားအလာရှိပါလျက်နဲ့ လုပ်ငန်းခွဲတွေ မထူထောင်နိုင်ကြပါဘူး။ လက်လီအရောင်းဆိုင်တွေ အနေနဲ့ဆိုလို့ရှိရင်လည်း တစ်ဆိုင် နှစ်ဆိုင်နဲ့တင် ရပ်သွားတတ်ကြတယ်။

  • အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုကို ဘယ်လိုထူထောင်ရမလဲဆိုတာ မသိတာကြောင့် ဖြစ်နိုင်သလို လူတွေဘယ်လိုရှာခန့်ရမယ်၊ ဘယ်လိုလေ့ကျင့်ပေးရမယ်၊ ဘယ်လိုထိန်းသိမ်းထားရမယ်ဆိုတာ မသိဘူး။ လုပ်ငန်းစနစ်တွေ ဘယ်လို ချမှတ်ရမယ်ဆိုတာကို မသိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

  • အဲဒါကြောင့် တစ်သက်လုံး လုပ်ငန်းသေးသေးလေးအနေနဲ့ပဲ ရပ်တည်သွားကြရတယ်။

  • ကျွန်တော်တို့တွေ ကြီးကြီးမားမား လုပ်နိုင်အောင် သင်ယူရမယ်။ လေ့လာရမယ်။ အဲဒါတွေအပြင် ခေါင်းဆောင်မှု အရည်အချင်းတွေလိုတယ်။

  • ခေါင်းဆောင်လို့ပြောတဲ့အနေရာမှာ နိုင်ငံခေါင်းဆောင်တွေကနေ အစိုးရ၀န်ထမ်းတွေပဲ ဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေကနေ Company ၀န်ထမ်းတွေပဲ ဖြစ်ဖြစ်၊ ပရဟိတလုပ်တဲ့သူတွေကနေ အိမ်မှုကိစ္စတွေ စီမံခန့်ခွဲတဲ့ အိမ်ရှင်မတွေအထိ လူတိုင်းလူတိုင်းဟာ သူ့နေရာနဲ့သူ ခေါင်းဆောင်ဖြစ်တယ်။

  • လူတစ်ယောက်ဟာ အနည်းဆုံးတော့ သူ့ကိုယ်သူ ဦးဆောင်နေရတယ်။

  • စဉ်းစားကြည့်ပါ။ လင့်ခ်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်မှာ တာဝန်ယူတဲ့ ယာဉ်ထိန်းရဲ ကိုခင်မောင်မြင့်ဆိုရင် သူဟာသူ့အလုပ်သူ သိတယ်။ လူတွေကို ကူညီတယ်။ သူလုပ်ရမယ့်အလုပ်ကို သူအကောင်းဆုံး လုပ်တယ်။ ကျွန်တော်တို့ သိသလောက်နဲ့ သုံးသပ်ကြည့်မယ်ဆိုရင် သူဟာ ခေါင်းဆောင်ပဲ ဖြစ်တယ်။ သူ့ကိုလူတွေ သဘောကျတယ်။ သူ့နယ်ပယ်မှာ သူဦးဆောင်နေရင် လူတွေက လိုက်လုပ်ချင်တယ်။

  • ဟိုးတလောက သတင်းမှာ တက်လာတဲ့ ပဲခူးတိုင်း က ဆရာဝန် တစ်ဦး ဆိုရင်လည်း စဉ်းစားကြည့်ပါ။ သူလူနာတွေကို စေတနာထားတယ်။ ကူညီတယ်။ ငွေရေးကြေးရေး အဓိက မထားဘူး။ လူမှုဆက်ဆံရေးလည်း ကောင်းတယ်။ အလုပ်ကို သာမန်အလုပ်လို သဘောထားတာထက် ရင်ထဲကပါ ထည့်ပြီးလုပ်တယ်။ အဲဒါကြောင့် သူအရင်နေခဲ့တဲ့မြို့ကနေ ပြောင်းတော့ အဲဒီမြို့ကလူတွေ ငိုကြတယ်တဲ့။ အခုဒီမြို့က ပြောင်းမယ်ဆိုတော့လည်း လူတွေက ၀မ်းနည်းကြတယ်။ အဲဒါ Leadership ပဲ။

  • အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်ရတဲ့ အိမ်ရှင်မတွေ၊ အမေတွေဆိုပဲ ကြည့်။ အိမ်ကလူတွေ အလုပ်သွားလုပ်တဲ့အချိန်မှာ စားဖို့သောက်ဖို့ ချက်ဖို့ ပြုတ်ဖို့ကနေ ကလေးတွေ အဆင်ပြေဖို့ပဲ ဖြစ်ဖြစ် အစစ အရာရာ တာဝန်ယူလုပ်ပေးကြရတယ်။ အဲဒါကြောင့် အိမ်မှုကိစ္စကို နိုင်နိုင်နင်းနင်း တာဝန်ယူနေကြတဲ့ အိမ်ရှင်မတွေဆိုလည်း ခေါင်းဆောင်တွေပဲ ဖြစ်တယ်။

  • လူတိုင်းလူတိုင်းဟာ သူဝတ်ထားတဲ့ ယူနီဖောင်းနဲ့ ဆီလျော်တဲ့ လုပ်ဆောင်မှုတွေကို လုပ်နိုင်ရင် သူ့မှာ Leadership ရှိတယ်လို့ ပြောနိုင်တယ်။

  • လူတစ်ယောက် ခေါင်းဆောင်ဟုတ် မဟုတ်ကို ရာထူးနဲ့ တိုင်းလို့ မရဘူး။ ဘာနဲ့တိုင်းမလဲဆိုရင် တစ်ခုပဲ ရှိတယ်။ သူလူတွေကို ဘယ်လောက်အထိ သြဇာရှိသလဲဆိုတာပဲ ဖြစ်တယ်။

  • လူတွေကို သူပြောရင် လူတွေက နားထောင်လား။ လိုက်လုပ်ကြလား အဲဒါနဲ့ တိုင်းရမယ်။

အဲဒါကတော့

၁။ သူတို့ဟာ တစ်နေရာရာကို သွားနေတယ်။

၂။ သူတို့နောက်မှ လိုက်တဲ့လူတွေရှိတယ်။

အဲဒါကြောင့် သူတို့နောက်မှ လိုက်မယ့်လူတွေ ရှိဖို့ဆိုရင် လူတွေကို သြဇာညောင်းဖို့လိုတယ်။

  • တစ်ခါ ကျွန်တော် Company တစ်ခုမှာ ခေါင်းဆောင်တွေမှာ ရှိတဲ့ အရည်အချင်းတွေကို အားလုံး ၀ိုင်းစဉ်းစားခိုင်းပြီး ချရေးတယ်။ ပြီးတော့ အဲဒီအရည်အချင်းတွေ ဖတ်ကြည့်တော့ ကျွန်တော်တို့ မသိတာတွေ ဘာမှ မပါဘူး။ များသောအားဖြင့် ငယ်ငယ်ကတည်းက သိတာတွေချည်းပဲ။ ဒါပေမယ့် အဲဒီလို ရိုးစင်းတဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေကို လိုက်နာဆောင်ရွက်ဖို့က ကျတော့ အဲဒီလောက် မလွယ်တော့ဘူး။

  • ထူးဆန်းတာတစ်ခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်မယ်ဆိုရင် အကျင့်စာရိတ္တကောင်းမွန်မှု၊ ရည်မှန်းချက်ရှိမှု၊ ကြိုးစားအားထုတ်မှု၊ လေ့လာသင်ယူမှု၊ သတ္တိရှိမှု၊ စွန့်လွှတ်အနစ်နာခံမှု ပြတ်သားမှု၊ စိတ်အားထက်သန်မှု စသဖြင့် စိတ်ထဲရှိလို့ ပြောသမျှ ခေါင်းဆောင်မှုအရည်အချင်းတွေ အားလုံးလိုလို ရှိနေတယ်လို့ ခံစားရပါတယ်။ အရမ်းကို လေးစားစရာ ကောင်းပါတယ်။

အဲဒါကြောင့် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတွေက အများကြီးရှိပါတယ်။

အဲဒီအထဲက ကျွန်တော် ဒီအချက်လေးတွေကို ဆွေးနွေးချင်ပါတယ်။

ပထမဦးဆုံးအချက် အနေနဲ့ကတော့ ခေါင်းဆောင်တစ်ယောက်ဟာ

၁။ ကိုယ့်ရဲ့ လက်ရှိအခြေအနေနဲ့ ဖြစ်နေတာတွေကို ၁၀၀ ရာခိုင်နှုန်း တာဝန်ယူမှု

  • ကျွန်တော်တို့ ဒါကို အမြဲတမ်းဆွေးနွေးတယ်။ လောကမှာ လူ ၂ မျိုးပဲ ရှိတယ်။ တစ်မျိုးက Complaint လုပ်တယ်။ တစ်မျိုးက တာဝန်ယူတယ်။ Complaint လုပ်တဲ့လူက သူအဆင်မပြေတာ ဘယ်သူ့ကြောင့်လဲဆိုရင် သူ့အဖေကြောင့်၊ သူ့အမေကြောင့်၊ သူ့အိမ်ထောင်ဖက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ အစိုးရကြောင့်၊ လောကကြီးက မတရားတာကြောင့် အဲလိုမျိုး မျိုးစုံ အကြောင်းတွေပြမယ်။

  • Complaint တွေ လုပ်မယ်။ သူအဲဒီလို အပြစ်ပုံချလိုက်တော့ သူရင်ထဲပေါ့သလို ဖြစ်သွားမယ်။ သူတာဝန်မှ မရှိတော့ပဲကိုး။ ဒါပေမယ့် အဲဒီလို အပြစ်တင်နေသမျှ ကာလပတ်လုံး သူဘယ်လို တိုးတက်မှုမျိုးမှ မရနိုင်ဘူး။

  • ဘာဖြစ်လို့လဲ ဆိုတော့ သူအဆင်မပြေတာ သူများကြောင့် ဆိုရင် သူအဆင်ပြေအောင် သူများက လုပ်ပေးမှ ရတော့မယ်။ သူ့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။

  • နောက်တစ်မျိုးကတော့ ၁၀၀ ရာခိုင်နှုန်း တာဝန်ယူတယ်။ သူ့လက်ရှိအခြေအနေကို လက်ခံတယ်။ ပြီးရင် ဘာဖြစ်ချင်တယ်ဆိုတာ ဆုံးဖြတ်တယ်။ ပြီးရင် တကယ်ဖြစ်လာအောင် လုပ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ အိမ်မှာ အဆင်မပြေရင်လည်း ကိုယ့်ကြောင့်၊ ကလေးတွေ အဆင်မပြေရင်လည်း ကိုယ့်ကြောင့်၊ မကောင်းတဲ့လူနဲ့ တွေ့ရရင်လည်း ကိုယ့်ကြောင့်၊ ကိုယ့်အလုပ်မှာ အဆင်မပြေရင်လည်း ကိုယ့်ကြောင့်၊ ရာထူးမတိုးရင်လည်း ကိုယ့်ကြောင့် အဲဒီလိုယူဖို့လိုတယ်။

  • အဲဒါကြောင့် ရယ်စရာပြောရရင် ကိုစည်သူလွင်ရဲ့ သီချင်းရှိတယ်။

  • ချစ်လေး ရေ ကိုယ့်ကြောင့် ဆိုတာ

  • အဲဒါကြောင့် ဘာအဆင်မပြေ ဖြစ်ဖြစ် ကိုယ့်ကြောင့်လို့စဉ်းစားရမယ်။

နောက်တစ်ချက်က

၂။ အကျင့်စာရိတ္တ ကောင်းမွန်မှု

  • လူတစ်ယောက်က အကျင့်စာရိတ္တမကောင်းရင် ဘာမှ လုပ်မရဘူး။ ဒါက ပြောသာ ပြောပေမယ့် ကျွန်တော်တို့ အားလုံးလိုလိုမှာ မကောင်းတဲ့ အမူအကျင့်တွေ အနည်းနဲ့ အများရှိကြတယ်။ အဲဒီမကောင်းတာတွေကို ကောင်းတာတွေ ဖြစ်လာအောင် လုပ်နိုင်ရမယ်။ လူတွေ တော်တော်များများဟာ မကောင်းတာကို မကောင်းတာမှန်း သိတယ်။ ဒါပေမယ့် ဆက်လုပ်တယ်။ ကောင်းတာတွေကိုလည်း သိတယ်။ ဒါပေမယ့် မလုပ်ဘူး။ စဉ်းစားကြည့်ပါ။ အကျင့်စရိုက်မကောင်းတဲ ခေါင်းဆောင်နောက်ကို ကိုယ်ရောလိုက်ချင်လား။ စဉ်းစားရမယ်။ ကိုယ်တောင် မလိုက်ချင်ရင် တခြားလူတွေလည်း လိုက်ချင်မှာ မဟုတ်ဘူး။

  • ကျွန်တော့် လက်အောက်မှာ လုပ်တဲ့ မန်နေဂျာ တစ်ယောက်ကြုံဖူးတယ်။ သူက အရမ်းတော်တယ်။ အရမ်းတတ်တယ်။ သူ့ကို လူတွေ သဘောကျကြတယ်။ Result တွေ ကောင်းအောင်လည်း လုပ်နိုင်တယ်။ ဒါပေမယ့် သူက မရိုးသားဘူး။ အလုပ်က ငွေတွေ အလွဲသုံးစားလုပ်တယ်။ လက်အောက်က ၀န်ထမ်းတွေ ဆီက ပိုက်ဆံတွေ အလွဲသုံးစားလုပ်တယ်။ အဲဒါကြောင့် သူ့မှာ ဘယ်လောက်အရည်အချင်းတွေ ရှိရှိ ဆက်ပြီး မတိုးတက်နိုင်ပဲ ဆုတ်ယုတ်မှုတွေပဲ ဖြစ်သွားတယ်။

  • အဲဒါကြောင့် လူတွေ အပေါ်မှာ သြဇာညောင်းတဲ့ ခေါင်းဆောင်ဖြစ်ချင်ရင် အကျင့်စာရိတ္တကောင်းရမယ်။

နောက်တစ်ချက်က

၃။ လက်ရှိအခြေအနေကို အားမလို အားမရဖြစ်မှု

  • လူတစ်ယောက်က သူ့ကိုယ်သူပဲ ဖြစ်ဖြစ်၊ သူ့မိသားစု၊ သူ့အဖွဲ့အစည်းနဲ့ သူ့လူတွေရဲ့ လက်ရှိအခြေအနေတွေအပေါ်မှာပဲ အပြုသဘောဆောင်တဲ့ အားမလို အားမရ ဖြစ်မှုရှိရမယ်။

  • ညံ့ ဆိုရင် လက်မခံရဘူး။ သင့် ဆိုရင် လက်မခံရဘူး။ တော်ရိရော်ရိ ဖြစ်လို့မရဘူး။ ကောင်းတယ်ဆိုရင် ဘာဖြစ်လို့ အကောင်းဆုံး မဖြစ်တာလည်း ဆိုတာကို စဉ်းစားရမယ်။

  • ပိုနေမြဲ ကျားနေမြဲ အခြေအနေကို လက်မခံရဘူး။ ပိုကောင်းလာအောင် လုပ်ရမယ်။ ကိုယ့်ရဲ့ ၀င်ငွေ၊ ပညာရေး၊ မိသားစုအခြေအနေ၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်း၊ လုပ်ငန်းအခြေအနေ စတာတွေက အခုထက် ပိုကောင်းလာဖို့ကို အမြဲတမ်းစဉ်းစားပြီး နည်းလမ်းတွေ ရှာဖွေရမယ်။

  • ဘယ်လောက်ဆိုးနေတဲ့ အခြေအနေဖြစ်နေ ဖြစ်နေ ပိုပြီး အဆင်ပြေလာနိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာ လက်ခံပြီး ပိုပြီး တိုးတက်အောင် လုပ်ချင်စိတ်ရှိရမယ်။

နောက်တစ်ချက်က

၎။ ရည်မှန်းချက်တိတိကျကျ ရှိမှု

  • ခေါင်းဆောင်တစ်ယောက်ဟာ သူ့ကိုယ်သူဖြစ်စေ၊ သူ့မိသားစု၊ သူ့အဖွဲ့အစည်းအတွက် ဖြစ်စေ ရည်မှန်းချက်တိတိကျကျ ချထားရမယ်။ အဲဒီလို ရည်မှန်းချက်ချထားဖို့ဆိုရင် သူအခု ဘယ်နေရာမှာ ရောက်နေလဲ၊ ဘာတွေဖြစ်နေလဲ၊ ဘာတွေကို သိလဲ။ ဘာတွေကို မသိဘူးလဲဆိုတာ တိတိကျကျ သိအောင်လုပ်ရမယ်။ ပြီးတော့မှ ဘာဖြစ်ချင်လဲဆိုတာကို သတ်မှတ်ရမယ်။

  • အဲဒီ ရည်မှန်းချက်ကိုလည်း ချရေးထားဖို့ လိုတယ်။

  • ပြီးရင် မိသားစုဝင်တွေကိုပဲ ဖြစ်ဖြစ် ကိုယ့်လက်အောက်က လူတွေကိုပဲ ဖြစ်ဖြစ် အသိပေးရမယ်။

  • အဲဒီရည်မှန်းချက်က ကိုယ်တစ်ယောက်တည်း ကောင်းဖို့ မဟုတ်ပဲ အများကောင်းဖို့ ဖြစ်ရမယ်။

နောက်တစ်ချက်ကတော့

၎။ လေ့လာသင်ယူမှု

  • ဘွဲ့တွေ ဒီဂရီအများကြီး ယူထားတဲ့လူတိုင်း၊ ဗဟုသုတ ကြွယ်တဲ့သူတိုင်းကို ခေါင်းဆောင်လို့ ပြောလို့မရဘူး။ ဒါပေမယ့် ခေါင်းဆောင်တိုင်းကတော့ ဗဟုသုတကြွယ်ကြတယ်။ တခြားလူတွေကို ဦးဆောင်ရမယ့်လူတိုင်းဟာ လေ့လာသင်ယူမှုမရှိလို့ မရဘူး။ ကိုယ်လုပ်မယ့် ရည်မှန်းချက်အတွက် ဘာစာအုပ်တွေ ဖတ်ဖို့လိုမလဲ၊ ဘာသင်တန်းတွေ တက်ဖို့ လိုမလဲ၊ ဘယ်ဘာသာစကားတွေ လေ့လာရမလဲ ဘယ်သူတွေဆီကနေ လေ့လာသင်ယူမလဲ အဲဒါတွေကို သိရမယ်။

နောက်တစ်ချက်က

၅။ အာရုံစူးစိုက်မှု

  • ကျွန်တော်တို့ တော်တော်များများဟာ တစ်ခုတည်းကို အာရုံစူးစိုက်တာထက် ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်တတ်ကြတယ်။ အမှန်တကယ် ဦးဆောင်နိုင်သူဖြစ်ဖို့ဆိုရင် ကိုယ်လုပ်မယ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကို သေသေချာချာ အာရုံစူးစိုက်မှု ရှိရမယ်။ ပြီးရင် ကောက်ရိုးမီးမဟုတ်ပဲ တစ်စိုက်မတ်မတ် လုပ်သွားတာ ဖြစ်ရမယ်။ ဘယ်သူ့မှ လိုက်ပြောနေစရာ မလိုပဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လုပ်တဲ့လူ ဖြစ်ရမယ်။ လုပ်စရာ ရှိတဲ့ အလုပ်တွေကို လေနဲ့ လုပ်တာ မဟုတ်ပဲ အမှန်တကယ် အကောင်အထည် ဖော် ဆောင်ရွက်တဲ့လူ ဖြစ်ရမယ်။

နောက်တစ်ချက်က

၆။ အခြားလူတွေကို ကူညီပေးမှု

ခေါင်းဆောင်တစ်ယောက်ဟာ သူ့မိသားစုကလူတွေ၊ သူ့အလုပ်ကလူတွေ သူ့ပတ်ဝန်းကျင်က လူတွေကို ကောင်းမွန်တဲ့ ကူညီမှုတွေ လုပ်ပေးဖို့လိုတယ်။

  • စဉ်းစားကြည့်ပါ။ ကိုယ့်မိသားစုက လူတွေကို ကိုယ်ဘာတွေ ကူညီပေးလဲ။ ကိုယ့်သူငယ်ချင်းတွေကို ဘာတွေကူညီပေးလဲ။ အလုပ်ကလူတွေကို ဘာကူညီပေးနေလဲ။

  • သူတို့ဘ၀မှာ ပိုပြီး ပျော်ရွှင်အောင် ပိုပြီး လွယ်ကူလာအောင် ပိုပြီး တိုးတက်လာအောင် ဘာတွေ လုပ်ပေးရင် ကောင်းမလဲ။ ကိုယ်သိထားတာတွေကို ဘယ်လို မျှဝေမလဲ စဉ်းစား ကြည့်စေချင်တယ်။ သူတို့ကို သင်ပေးရမယ်။ ကိုယ့်ကြောင့် သူတို့ဘ၀တွေ ပိုပြီး မြင့်တက်လာရတယ်ဆိုတာပဲ ရှိရမယ်။

  • လူတွေကို ဟင်းစားပဲ ပေးလို့ မဖြစ်ဘူး။ ကွန်ချက်ပြရမယ်။

  • ကိုယ်တစ်ယောက်တည်းကောင်းဖို့ထက် အများအတွက် အနစ်နာခံချင်စိတ်ရှိရမယ်။

  • အဲဒီလို အနစ်နာခံပြီး ကူညီပေးလေလေ လူတွေက ကိုယ့်ကို ပိုပြီး ချစ်ခင်လာလေလေ ကိုယ့်စကားကို ပိုပြီး နားထောင်ချင်လေလေ ဖြစ်ပါတယ်။

၇။ ပြန်လည်သုံးသပ်တတ်မှု

  • လူတိုင်း လူတိုင်းမှာ ပြန်လည် သုံးသပ်ဖို့ အတွက် အချိန်နဲ့ နေရာလိုပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့လုပ်ဆောင်ချက်တွေရော၊ သူ့အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကိုရော ပြန်လည် သုံးသပ်ဖို့က အရေးကြီးပါတယ်။ နေ့တစ်နေ့ကို စပြီဆိုရင် ဒီနေ့ ငါဘာတွေ ကောင်းတာ လုပ်မှာလဲ ဆိုတာကို စဉ်းစားရမယ်။ နေ့တစ်နေ့ ကုန်ဆုံးပြီဆိုရင် ငါဒီနေ့ ဘာတွေ ကောင်းတာတွေ လုပ်ခဲ့သလဲဆိုတာကို ပြန်ပြီး စဉ်းစားဖို့လိုတယ်။ ပြီးရင် နောက်တစ်ခါ ငါဒီလို အခြေအနေမျိုး ကြုံလာရင် ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာကို တွေးဖို့ လိုပါတယ်။ အလုပ်မှာဆိုရင်လည်း ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတွေ မကြာခဏ ပြုလုပ်ဖို့ လိုပါတယ်။

နောက်တစ်ချက်က

၈။ စံပြပုဂ္ဂိုလ်ဖြစ်မှု

  • ခေါင်းဆောင်တစ်ယောက်အနေနဲ့ နောက်လိုက်တွေအတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့အရာက စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ နေထိုင်ပေးတာ ဖြစ်ပါတယ်။ လူတွေကို ဘယ်လိုနေပါ၊ ဘယ်လိုထိုင်ပါ။ ဘယ်လိုပြောပြော ကိုယ်ကိုယ်တိုင်က အဲဒါတွေကို မလိုက်နာဘူးဆိုရင် သူတို့အနေနဲ့လည်း ဘယ်လိုမှကို လိုက်လုပ်ကြမှာ မဟုတ်ပါဘူး။

  • အဲဒါကြောင့် ကိုယ့်သားသမီးတွေကို ကောင်းစေချင်ရင် ကိုယ်က အရင်ဆုံး ကောင်းတာတွေ လုပ်ပြရမယ်။

  • ကိုယ့်လက်အောက်က လူတွေကို ကောင်းစေချင်ရင် ကိုယ်က အရင်ဆုံးကောင်းပြရမယ်။ သူတို့မြင်တာများလာရင် သူတို့ကိုယ်တိုင်လည်း ကောင်းအောင် နေချင်စိတ်တွေ ရှိလာလိမ့်မယ်။

နောက်ဆုံး အချက်အနေနဲ့ကတော့

၉။ ခေါင်းဆောင်မှု အမွေပေးမှု

  • ကျွန်တော်လေးစားရတဲ့ လူကြီးတစ်ဦးက ပြောဖူးတယ်။

  • ကိုယ်မရှိတော့တဲ့ အချိန်ကို စဉ်းစားတာကမှ တကယ့်ခေါင်းဆောင်ဖြစ်တယ်တဲ့။

  • ဆက်ခံမယ့်လူမရှိရင် အောင်မြင်မှုဆိုတာ မရှိပါဘူး။

  • စဉ်းစားကြည့်ပါ။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပေါ်ပေါက်လာပြီဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ဟုန်းဟုန်းတောက် အောင်မြင်တတ်သလို သူမရှိတော့တဲ့အချိန်မှ ချက်ချင်းမဟုတ်ရင်တောင် တအိအိနဲ့ ပြန်လည် ကျဆင်းသွားတတ်ပါတယ်။

  • အဲဒါကြောင့် ကိုယ်မရှိတော့ရင် ကိုယ့်မိသားစုက ဘာဖြစ်လာမှာလဲ။ ကိုယ့်အဖွဲ့အစည်းက ဘာဖြစ်သွားမှာလဲ စဉ်းစားရပါမယ်။

  • ကျွန်တော်တို့ မရှိတော့တဲ့ အချိန်ကျရင် လူတွေက ကျွန်တော်တစ်ယောက်ချင်းကို စကားလုံးအနည်းငယ်နဲ့ အတိုကောက်ခေါ်လိမ့်မယ်။

  • ဥပမာ - ဗိုလ်ချုပ်အောင်ဆန်းကို လူတွေက ဘယ်လိုခေါ်ကြလဲ။ ဂန္ဒီကို ဘယ်လိုခေါ်ကြလဲ။ ဟစ်တလာကို ဘယ်လိုသတ်မှတ်ကြလဲ။ ကဒါဖီကို ဘယ်လိုသတ်မှတ်ကြမလဲ စဉ်းစားကြည့်ပါ။ သူတို့ဘာတွေ လုပ်ခဲ့သလဲဆိုတာနဲ့ ဆိုင်ပါတယ်။

  • ကျွန်တော်တို့ ကွယ်လွန်ပြီပဲ ထား။ နာရေးလိုက်ပို့တဲ့ လူတွေက ကျွန်တော်တို့ အကြောင်းကို ဘာတွေ ပြောကြမလဲ။ ကိုယ်ကရော ဘာတွေ ပြောစေချင်လဲ။ အဲဒီစကားလုံးတွေကို ပြောင်းလဲချင်ရင် ဒီနေ့က စပြီး ပြင်ဆင်ရမယ်။

  • ကိုယ်ဘာတွေ ထားခဲ့ချင်လဲ။ ကိုယ်ထားခဲ့တဲ့ အမွေကို ဘယ်သူက ဆက်သယ်ဆောင်မှာလဲ။

  • အချိန်တွေက သိပ်မြန်ပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ချိန်မှာ သေရမှာပဲ။ ကျွန်တော်တို့ သေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ နောက်မွေးလာမယ့် နိုင်ငံသားတွေ ရှိမယ်။ နောက်မျိုးဆက်တွေ ရှိမယ်။ သူတို့တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂါတ်အသစ်တွေ ချန်ထားခဲ့နိုင်ရမယ်။

  • သရက်ပင် စိုက်တဲ့ အဖိုးအိုအကြောင်း ကျွန်တော်တို့ ငယ်ငယ်က သင်ရပါတယ်။ ဟိုးဘိုးဘေး ဘီဘင်တွေ စိုက်တဲ့ သရက်ပင်ကနေ သရက်သီးတွေကို ကျွန်တော်တို့တွေ စားကြတယ်။ အခု ကျွန်တော်စိုက်တဲ့ သရက်ပင်က သရက်သီးတွေက ကျွန်တော့်အတွက် မဟုတ်ဘူး။ နောက်လာ နောက်သားတွေအတွက် ဖြစ်ပါတယ်တဲ့။

  • ကိုယ်ထားခဲ့မယ့် အမွေအတွက် ပြင်ဆင်ရမယ်။ ကိုယ်ထားခဲ့မယ့် အမွေကို ဆက်လက်သယ်ဆောင်မယ့် လူရဲ့ လက်ထဲကို ကောင်းကောင်းမွန်မွန်နဲ့ လွှဲထားခဲ့နိုင်ရမယ်။ အဲဒီလိုဖြစ်ဖို့ကို ကိုယ်ကိုယ်တိုင်က ဒီနေ့က စပြီး ကြိုးစားရမယ်။

  • ခေါင်းဆောင်မှု အရည်အချင်းတွေက လေ့လာမယ်ဆို အများကြီးပါပဲ။ ဒီနေ့ကတော့ ကျွန်တော်လေ့လာထားတဲ့အထဲက နှစ်သက်တာလေးတွေ ပြန်လည်မျှဝေတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဆက်ပြီး လေ့လာသလို လိုက်နာကျင့်သုံးနို်င်အောင်လည်း အမြဲတမ်း ကြိုးစားနေပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
22.7.2017
#KoNaingGyiNotes
#naingwinaungexecutivecoach
#BreakthroughCoachingMyanmar

ခေါင်းဆောင်မှုကို အခြေခံပြီး စီးပွားရေးလုပ်ငန်း၊ အလုပ်အကိုင်နဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ရယူလိုသူများ Yangon, Mandalay, Nay Pyi Taw များမှာ ပြုလုပ်မယ့်ကျွန်တော့်ရဲ့ Transformational Leadership Journey (TLJ) 3 Days Intensive ကို တက်ရောက်နိုင်ပါတယ်။

Mandalay - 11th, 12th,13th August
Nay Pyi Taw - 18th, 19th, 20th August
Yangon - 3rd, 4th, 5th September

Breakthrough Coaching, Training & Consulting, 09765222106, 09765222107, 09765222108 တွေကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အမြန်ဆုံးအပ်နှံမည့်သူများအတွက် Early Bird အစီအစဉ်ရှိပါတယ်။ အောက်ဖော်ပြပါ Link အတိုင်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/naingwinaungexecutivecoach/posts/2381988915275717:0

Sort:  

I want to know more, do you know i am your follower @ronaldmcatee