ငါးလား မျောက်လား

in #myanmar7 years ago

ငါးလား မျောက်လား

“အန်ကယ် … ဒီနှစ်လည်း …”

မောင်မင်းနိုင်က ကျွန်တော့်ကို တွေ့တွေ့ချင်း လက်မကို အောက်စိုက်ပြလိုက်တယ်။ သူ့အတွက် ဒုတိယအကြိမ်မြောက် ကြိုးစားခြင်း။ ကျွန်တော်က သူ့ကို ပြုံးပြလိုက်တယ်။

image

“သားရယ် … မင်းပုံစံကြီးက စာမေးပွဲကျတဲ့ ရုပ်နဲ့ကို မတူတာ”

“စိတ်ထဲတော့ မကောင်းဘူးပေါ့ အန်ကယ်ရာ။ အဖေနဲ့ အမေကို ဒီနှစ်အောင်ရမယ်လို့ ကတိပေးထားတာ။ မအောင်တော့ စိတ်ထဲမကောင်းတာပါ”

“နေဦး မောင်မင်းနိုင် … မင်းစကားအရဆိုရင် မိဘအတွက် စိတ်မကောင်းတာလား၊ မင်းအတွက် စိတ်မကောင်းတာလား ကွဲကွဲပြားပြားပြောကွာ”

“အန်ကယ်ရာ … သားအတွက်ကတော့ ဘာ ပြဿနာမှ မရှိပါဘူး။ စာမေးပွဲမအောင်လို့ ဘာမှ မဖြစ်ဘူး။ အန်ကယ် ပြောတဲ့ ပုံပြင်ထဲကလိုပေါ့”

“ဘာပုံပြင်များလဲကွာ”

“မျောက်နဲ့ငါးလေ အန်ကယ်”

“သြော် မှတ်မိပြီ”

မောင်မင်းနိုင်ဆိုတာက ထမင်းဆိုင်က။ ကျွန်တော်စားနေကျ ထမင်းဆိုင်က ဆိုပါတော့။ သူ့အဖေနဲ့ အမေက ထမင်းဆိုင်ဖွင့်ထားတယ်။ လမ်းဘေးဆိုင်လေးပါ။ မောင်မင်းနိုင်က ဝိုင်းကူတယ်။ တက္ကသိုလ်ဝင်တန်းကို ၂ နှစ် ဆက်ကျတယ်။
သူ့ကို ပထမနှစ် ကျတဲ့နှစ်မှာတွေ့တာ။ သူ့မိဘတွေက သူ့ကို ဆူနေတာကြားရလို့ သိတာပါ။ သူ့အဖေက

“သောက်သုံးကိုမကျဘူး” ဆိုတာတွေ အထပ်ထပ်ပြောနေတယ်။ ကလေးက စိတ်ညစ်ပြီး ဆိုင်အပြင်ကို ထွက်သွားတယ်။ သူ့အမေက နောက်ကနေ ရေခွက်နဲ့ လှမ်းပေါက်တယ်။ စိတ်မကောင်းစရာ မြင်ကွင်းပဲ။

ကျွန်တော်က အဲဒီတုန်းက ထမင်းစားပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်တယ်။ မောင်မင်းနိုင်က ကျွန်တော် ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်မှာ ငေးမှိုင်ပြီးထိုင်နေတယ်။ ကျွန်တော်က သူထိုင်နေတဲ့ ခုံမှာဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်မှာလိုက်တယ်။

“မောင်မင်းနိုင် လက်ဖက်ရည်သောက်မလား”

“မသောက်ချင်ပါဘူး အန်ကယ်ရာ”

“ဘာလဲ … စာမေးပွဲကျလို့ စိတ်ညစ်နေတာလား”

“အင်းလေ အန်ကယ်ရာ … စာမေးပွဲကျပါတယ် ကမ္ဘာပျက်သလိုဖြစ်နေတော့တာပဲ”

“မိဘတွေက ဒီလိုချည်းပါသားရယ်”

“အန်ကယ် စဉ်းစားကြည့်လေ … ကျောင်းတော့ တက်ခိုင်းတယ် … ကျူရှင်ယူမယ်ဆိုတော့ ပိုက်ဆံ မပေးချင်ဘူး။ သူများတွေ ဘာသာစုံ ကျူရှင်ယူနေချိန်မှာ ကျွန်တော့်ကိုတော့ ကျောင်းပဲတက်ဖြေတဲ့ ဘယ်လိုလုပ် အောင်တော့မှာလဲ”

“အင်း … ခက်တော့တာပဲ မောင်မင်းနိုင်။ မင်းတို့စိတ်ထဲမှာ ကျူရှင်ယူမှ အောင်မယ်ထင်နေတာကိုက ခက်တော့တာပဲ။ ကျောင်းမှာ ကျူရှင်မယူဘဲ အောင်တဲ့သူတွေ မရှိတော့ဘူးလား”

“ရှိတော့ ရှိတယ်အန်ကယ်။ ဒါပေမဲ့ ကိုယ်မလိုက်နိုင်တဲ့ တစ်ဘာသာ နှစ်ဘာသာလောက်ကတော့ ကျူရှင် တက်ကြတာပဲ”

“နေဦး မောင်မင်းနိုင် မင်း မလိုက်နိုင်တဲ့ ဘာသာရှိလား”

“ရှိတာပေါ့ အန်ကယ်။ Physics မလိုက်နိုင်ဘူး တစ်ဘာသာလောက် ကျူရှင်တက်ချင်တာ မတက်ရဘူးတဲ့”

“နေဦး ကျောင်းမှာ မလိုက်နိုင်တဲ့ အဲဒီဘာသာကို ဘယ်မှာ ကျူရှင်သွားတက်မှာလဲ”

“ဆရာမအိမ်မှာပေါ့”

“ဘယ်ဆရာမလဲ”

“ကျွန်တော်တို့အတန်းက ဆရာမဆီမှာပဲ”

“သားရေ … တစ်ခုခုတော့ လွဲနေပြီထင်တယ်။ ကျောင်းမှာတောင် သားတို့ကို နားလည်အောင် ရှင်းအောင် မသင်နိုင်တဲ့ ဆရာမက အိမ်မှာခေါ်ပြီးတော့ ဘယ်လိုနည်းစနစ်တွေနဲ့ သင်နေသလဲ။ ကျောင်းစာအုပ်ထဲက အတိုင်းမဟုတ်ဘဲ အခြားနည်းတွေနဲ့ သင်နေလို့လား”

“ကျောင်းမှာသင်တာနဲ့ အိမ်မှာသင်တာ မတူဘူးတဲ့ အန်ကယ်ရ”

“ဒါဆိုရင်တော့ တစ်ခုခု မှားနေပြီကွာ … အန်ကယ် မဝေဖန်ချင်တော့ပါဘူး။ ဒါပေမဲ့ မင်း ခု စာမေးပွဲကျတာ အဲဒီ Physics ကြောင့်လို့ ထင်သလား”

“Math လည်း မရဘူး … အင်္ဂလိပ်စာလည်း ထိတယ်”

“ဒါဆိုရင်တော့ အန်ကယ်တို့ ခေါင်းစဉ်ပြောင်းပြီး ပြောရအောင် … မင်းစိတ်ဓာတ်ကျနေလား”

“ကျတာပေါ့ အန်ကယ်ရာ … သူများတွေတောင် အောင်ပြီး ငါဘာလို့ မအောင်ရတာလဲဆိုပြီး စိတ်ဓာတ်ကျ တာပေါ့။ အိမ်က ထွက်သွားချင်စိတ်တောင်ပေါ်တယ်”

“မလုပ်ပါနဲ့ကွယ် … အန်ကယ် ပုံပြင်လေး တစ်ခုပြောပြမယ်။ နားထောင်မလား”

“အင်း … စိတ်ညစ်နေတာ ပြောပေါ့”

ကျွန်တော်က မောင်မင်းနိုင်ကို ပုံပြင်တစ်ပုဒ်ပြောပြဖူးတယ်။ မျောက်နဲ့ငါး ပုံပြင်ပါ

တစ်နေ့တော့ သစ်ကိုင်းပေါ်က မျောက်က ရေထဲက ငါးကို ပြောတယ်
“ဟေ့ကောင် သတ္တိရှိရင် သစ်ပင်ပေါ်တက်လာခဲ့” တဲ့

ငါးက သစ်ပင်ပေါ် မတက်နိုင်လို့ စိတ်ပျက်သွားတယ်။ ဒါကြောင့် မှိုင်ပြီးတော့ သူ့ အဖေနဲ့ အမေဆီ ပြန်လာတယ်

“သားလေး ဘာဖြစ်လာသလဲ”

“သစ်ပင်ပေါ်ကမျောက်က သားကို သတ္တိရှိရင် သစ်ပင်ပေါ်တက်ခဲ့လို့ စိန်ခေါ်တယ်။ သားက သစ်ပင်ပေါ် မတက်နိုင်တော့ မျက်နှာငယ်ရတာပေါ့”

ငါးဖေဖေကြီးက ရယ်လိုက်တယ်

“သားရယ် နောက်တစ်ခါ သားက အဲဒီမျောက်ကို တွေ့ရင် သတ္တိရှိရင် ရေထဲဆင်းခဲ့လို့ ပြန်စိန်ခေါ်လိုက်”

နောက်တစ်ခါ မျောက်နဲ့ငါးတွေ့ပြန်တယ်။ မျောက်က

“ဟေ့ကောင် သတ္တိရှိရင် သစ်ပင်ပေါ်တက်ခဲ့” တဲ့

ငါးလေးက ပြန်ပြောတယ်

“မင်းလည်း သတ္တိရှိရင် ရေထဲဆင်းခဲ့ ရေငုပ်ပြိုင်မယ်”

ကျွန်တော်က လက်ဖက်ရည်ကို သောက်လိုက်ပြီးတော့

“အန်ကယ်ပြောတဲ့ ပုံပြင်လေးကို သဘောပေါက်ရဲ့လားသား”

“သိပ်မရှင်းဘူးအန်ကယ်”

“မင်း စာမေးပွဲကျတာ ဘဝပျက်သွားတာ မဟုတ်ပါဘူးကွာ။ မျောက်တွေက သစ်ပင်ပေါ်တက်ခိုင်းတာလောက်ပဲ ရှိတာပါ။ တကယ်တော့ သားက ရေထဲက ငါးလေးပဲ။ ရေထဲမှာ ကောင်းကောင်းကျွမ်းတယ်လေ။ အဲဒီတော့ ရေကူး၊ ရေငုပ်ပေါ့သားရယ်။ ဘာကြောင့် သစ်ပင်ပေါ်တက်မလဲ”

“အန်ကယ်ဘာကို ဆိုလိုချင်တာလဲဟင်”

“မင်း ကျွမ်းကျင်တာကို လုပ်ဖို့ကြိုးစားသား … စာမေးပွဲလည်း ဆက်ဖြေချင် ဖြေပေါ့။ ကျောင်းနေချင်တဲ့ ဆန္ဒ ရှိတယ်ဆိုရင်ပေါ့။ ဒါပေမဲ့ တစ်ခုတော့ သိထားသား … ကမ္ဘာကျော် သူဌေးကြီးတွေထဲမှာ ဘွဲ့မရတဲ့ ကောင်တွေ အများကြီး”

“ဟုတ်ပြီ အန်ကယ် သားသဘောပေါက်ပြီ။ သားပြောချင်တာလည်း အဲဒါပဲ။ သားက ဆိုင်ဘေးကွက်လပ် လေးမှာ ကားရေဆေးတဲ့ လုပ်ငန်းလေး လုပ်ချင်တယ်။ ဆိုင်ကို ထမင်းလာစားတဲ့ ကားတွေ အများကြီး။ အလုပ် ဖြစ်နိုင်တယ်လို့ပြောတယ်။ အဖေတို့က သဘောမတူဘူး။ စာပဲကြိုးစား၊ စာပဲကျက်၊ စာမေးပွဲဖြေပဲ လုပ်နေတယ်။ သားက ဝပ်ရှော့မှာလည်း ဝင်လုပ်ဖူးတယ်။ ကားအကြောင်းလည်း နည်းနည်းပါးပါး နားလည် တယ်။ အဖေတို့က မလုပ်ရဘူးဆိုလို့”

“အဲဒါပေါ့ကွာ မိဘတွေကိုက ကိုယ့်သားသမီးတွေကို ငါးမှန်းမသိ မျောက်မှန်းမသိ”

ဒီနှစ် မောင်မင်းနိုင် စာမေးပွဲ ထပ်ကျပြန်ပြီ။ ကျွန်တော်က သူ့ကို မေးလိုက်တယ်

“မောင်မင်းနိုင် မင်းအဖေနဲ့ အမေက မင်းကို ငါးမှန်း မျောက်မှန်း ခွဲခြားနိုင်ပြီလား”

“ခွဲခြားနိုင်ပြီ အန်ကယ်။ သားကို ဆိုင်ဘေးမှာ ကားဝပ်ရှော့နဲ့ ရေဆေးတဲ့ဆိုင်ဖွင့်ချင် ဖွင့်တော့တဲ့”

“ကောင်းလိုက်တာကွာ … ခုတော့ ကိုယ့်သားကို ငါးမှန်း သိသွားတာ”

“အန်ကယ် အန်ကယ့်ကားကို ကျွန်တော် အလကားရေဆေးပေးမယ်။ ပြင်ပေးမယ်”

“ငါ့ကားကို ဟုတ်လား။ မနောက်ပါနဲ့ ကောင်လေးရာ။ နေဦး ငါ့မှာကားတော့ရှိတယ်ကွာ။ ကားနံပါတ်က ၉၆၉၃”

“အန်ကယ်ကလည်း နောက်တတ်သားပဲ”

“ဒါနဲ့ မင်းက ဘယ်လိုစည်းရုံးလိုက်တာလဲ”

“ကားရေဆေးတဲ့အလုပ်ကို ပြောနေတာ အဖေနဲ့အမေက မလှုပ်ဘူးလေ။ သူတို့က စာမေးပွဲကျရင် ဆိုင်ဖွင့်ခွင့်ပြုမယ်တဲ့”

“အဲဒီတော့ မင်းက ကြိုးစားလိုက်တယ်ပေါ့”

“အန်ကယ်ရာ … ဟီး … ဟီး … ဟီး “ တဲ့

တင်ညွန့်

၎.၆.၂၀၁၈

Sort:  

Read my profile if want me to resteem your post to over 72,500 followers. @a-0-0