Remind

in #myanmar4 years ago

85ptci.jpg

ဒီနေ့ ပိုစ့်ကတော့ ဘယ်သူ့ အတွက်၊ ဘယ်သူ့ အကြောင်း၊ ဘယ်သူ့ကိုမှ မရည်ရွယ်ပေ။ ကိုယ့်ကို သတိပေးလိုခြင်းကြောင့် ရေးရခြင်းသာ ဖြစ်၏။ အခြားတော့ မဟုတ်ပေ။ ကိုယ့်ကို လူလွတ် တယောက်ဆိုတာကို မေ့သွားပြီ စိုးသောကြောင့် သတိပေးရခြင်း ဖြစ်၏။ အမ နှစ်ယောက်လုံးက အဝေးမှာ တာဝန်ကျနေသောကြောင့် တူလေးနှင့် တူမလေးကို အမေနှင့် ကျနော်က ကြည့်ပေး ထိန်းပေးနေရ၏။ ခုချိန်ကလည်း နွေရာသီ ကျောင်းပိတ်ရက်များ ဖြစ်နေသဖြင့် ကလေးတွေက အိမ်မှာပဲ အနေများ၏။

သောကြာ၊ စနေ၊ တနင်္ဂနွေရက်များမှာတော့ အင်္ဂလိပ်စာ သင်တန်းရှိ၏။ ကလေးတွေက လာမည့် နှစ်ဆိုလျှင် (၂) တန်း တက်ကြတော့မည် ဖြစ်၏။ လုံးဝကြီး သူတို့ကို သူတို့ မနိုင်ကြသေးခြင်းမျိုးလည်း မဟုတ် သို့ဆိုလျှင် နိုင်ပြီလား ဆိုတော့လည်း လိုက်တော့ ကြည့်နေရသေး၏။ လွှတ်ထားလို့ မရပေ။ သူတို့ကလည်း သူတို့ပင် ကာတွန်းကား ကြည့်ချိန်မျိုးလေးမှာတောင် မငြိမ်ပေ။ ကလေးဆိုသည့် အမျိုးကလည်း ခက်သားရယ်။ မငြိမ်တာက အပြစ်မဆိုပေမယ့် (၂) ယောက်သား ခဏနေလျှင် စကားများ အော်ဟစ်နေကြသည်က အဓိက ပြဿနာ။

စကားများတုန်းတော့ နှစ်ယောက်သား မခေါ် မပြောကြပေ။ ပြီးလျှင်တော့ ပြန်တည့်၊ ပြန်ဆော့၏။ ကလေး သဘာဝကိုး။ ညအိပ်ချိန် (သူတို့ အိပ်သွားမှ) မှ ကျနော်နှင့် အမေလည်း ကောင်းကောင်းနား ရ၏။ တူမလေးက အမေနှင့် အိပ်ပြီး တူလေးက ကျနော်နှင့် အိပ်၏။ တူမလေး၏ အမေ ပြန်လာသည့် စနေ တနင်္ဂနွေလို ရက်မျိုး ဆိုလျှင် အမေက တယောက်ထဲ အိပ်၏။ ထိုအခါမျိုးမှာ တူလေးကို အမေက သူနှင့် အိပ်မလားဟု ခေါ်ကြည့်၏။ သို့ပေမယ့် ဆရာသမားက ကျနော်နှင့်သာ အိပ်မည်တဲ့။ အဲ့လို ချစ်တာ။

ညည အိပ်လျှင်လည်း စောင်က ကန်သေး၏။ အမှန်တော့ စောင်တင် မဟုတ်၊ ကျနော့်ကိုပါ ကန်ခြင်း ဖြစ်၏။ တညကဆိုလျှင် လည်ပင်းထိ တက်ကန်၏။ ဇလုတ် မထိလို့ တော်သေး၏။ လည်ပင်းထိ ကန်သည်ဆိုမှာတော့ သူ ဘယ်လို အိပ်သည်ကို သိလောက်ပြီ ထင်၏။ အိပ်စတုန်းက အတည့် နာရီပိုင်းလည်း ကြာရော ၁၈၀ ဒီဂရီတွေ ဖြစ်ကုန်တော့၏။ ၃၆၀ မဖြစ်တာကိုပဲ ကျေးဇူး တင်ရပေဦးမည်။

kx9xpr.jpg

သြင်္ကန်ရုံးပိတ်ရက် ရောက်လျှင်တော့ အမငယ် ပြန်လာမည် ဖြစ်၏။ ထိုအခါမှ ကျနော်လည်း အပြည့်အ၀ နားရမည် ထင်၏။ ခုဟာက နွေပိတ်ရက် သင်တန်း နားရက်လေးတွေမှာတောင် ကောင်းကောင်း မနားရဟု ပြောလို့ ရ၏။ နေ့လည်း နေ့မလို့၊ ညလည်း မလို့။ အရင်လို အပြင်လေး ဘာလေးတောင် ကောင်းကောင်း ထွက်မလည်ရပေ။ ရှားရှားပါးပါး လည်ရပြန်တော့လည်း ခုတင် ထွက်လာတာ မကြာသေး phone ဆက်ပြီး ပြန်က ခေါ်နေပြီ ဖြစ်၏။ ဘောလုံး ကန်သည့် ရက်လေးတွေတောင် ယခင်ကတည်းက ကြိုပြီး အသိပေး၊ ခွင့်ပန်ထားလို့သာပေါ့။

မည်သို့ပင် ဆိုစေကာမူပေါ့။ အမငယ် မပြန်လာဖြစ်သေးသည့် အချိန်မှာတော့ တူတောင်မောင်နှင့် စခန်းသွားနေရပေလိမ့်ဦးမည်။ ကလေး အဖေ တယောက်လိုပေါ့။

Don Jaun

MSC 31

Sort:  



Join the community in our migration to Hive, a community built blockchain for the community. All Steem account holders will receive equivalent stake on the new Hive blockchain.

Please follow @innerhive on twitter for more information.