ငါပုံပြောမယ်နင်နားထောင် ( အပိုင်း-၁ ) ( Henry Aung )

in #myanmar5 years ago

01.jpeg

မင်္ဂလာပါ။ ခေါင်းစဉ်ကြည့်လိုက်သည်နှင့် " ဘယ်လိုလဲကွ အတင်းကြီး နားထောင်ခိုင်းနေတယ် " ဟူ၍ မယူစစေလိုပါ။ အမှန်တော့ ကျွန်တော်ပြောလိုသော ပုံပြင်မှာ ကျွန်တော်၏ ငယ်ဘဝအကြောင်း တစိတ်တဒေသ သာဖြစ်၍ ထိုအကြောင်း အရာတို့မှာ နှောင်းလူတို့ အဖို့ ပုံပြင်သဖွယ် ဖြစ်နေမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဆက်လက် ဖတ်ရှုလျင် တဖြည်း ဖြည်း သဘောပေါက်လာပါလိမ့်မည်။

ကျွန်တော်၏ ငယ်ဘဝအကြောင်း ပြန်တွေးကြည့်လျင် ဆင်းရဲသော မိသားစု မှပေါက်ဖွားခဲ့သည် မှန်သော်လည်း ခလေးသဘာဝ လွတ်လပ်ပေါ့ပါးစွာ သဘာဝဖြင့် ထိတွေ့ကြီးထွားခွင့်ရခဲ့ပါသည်။ သစ်ပင် ပန်းမံ တောတောင် ရေမြေများ ဖြင့် ထိတွေ့ခဲ့သောကြောင့် အပင်တို့အား ချစ်မြတ်နိုးတတ်သလို သဘာဝ၏ အလှအပများအားလည်း ခံစားတတ်ခဲ့ပါသည်။

ကျွန်တော် ၏ ငယ်ပေါင်းကြီးဖေါ် သူငယ်ချင်းများ လည်း ထိုနည်းတူသာ ဖြစ်ပါသည်။ ငယ်ဘဝကစားနည်းများ အကြောင်း ပြောရလျင် ဧရာဝတီမြစ် အားအသာထား ၍ အခြားသောကစားနည်းမှာ ဖန်ဂေါ်လီ တောက်ခြင်း ၊ သာရေကွင်း ထပ်ခြင်း ၊ စည်းဝိုင်းတွင် သရေကွင်များ ထည့် ထား၍ ဖိနပ်ဖြင့် ပြစ်ထုတ်ခြင်း ၊ ကပ်ပြားထပ်ခြင်း စသည်ဖြင့် ကစားနည်း မျိုးစုံ ရှိရာ ဖန်ဂေါ်လီ တမျိုးတည်းဖြင့်ပင် ကစားနည်း လေးငါးမျိုး လောက်ရှိမည်ဟုထင်ပါသည်။

0003.jpg

Original Source

တလင်းပြောင်ပြောင် တွင် ဖန်ဂေါ်လီလုံးများ တန်းစီထား၍ ဂေါင်ထိ အကုန်စား ဂေါ်လီလိမ့်ရသည်မှာ အရသာရှိလွန်းလှပါသည်။ ယခုခေတ်ကလေးငယ်များ ထိုဖန်ဂေါ်လီကစားကြသည်ကို မတွေ့ရတော့ပါ။ အချို့နေရာတွင်တော့ကစားကြသေးသည်လား မသိ။

ကျွန်တော်တို့ ငယ်ငယ်ကတော့ ထိုတန်ဖိုး မရှိသော ဂေါ်လီလုံးများ အများအပြား ပိုင်ဆိုင်ထားလျင် သို့မဟုတ် လက်နှစ်ဖက်တွင် သာရေကွင်း အများအပြား ဝတ်ထားနိုင်လျင် အကောင် ဖြစ်ပါသည်။ ဘယ်လိုအကောင်မှန်းတော့မသိ ထိုကစားနည်းများတွင် ဆရာတဆူလို ကျွမ်းကျင်သူဟု ယူဆနိုင်ပါသည်။

ကျွန်တော်တို့ ငယ်ငယ်ကတော့ ဗီဒီယို ဂိမ်းအသာထား အဖြူအမဲ တီဗီပင် အိမ်တိုင်း မရှိပါ။ တီဗီမဆိုထားနှင့် လျပ်စစ်မီ ယူနိုင်သည့် အိမ်ပင် လက်ချိုးရေတွက်၍ ရပါသည်။ ငယ်ဘဝတလျှောက်လုံး ဖယောင်းတိုင်ဖြင့် စာကျက်ခဲ့ရသလို လျပ်စစ်မီးအား သေချာ အသုံးချနိုင်ခဲ့သည်မှာ ရန်ကုန်ရောက်မှ ဖြစ်ပါသည်။ ငယ်ဘဝကစားနည်းများ အကြောင်း ဆက်ကြပါအုံးစို့။

0001.jpg

Original Source

ငယ်ငယ်က ကျွန်တော်တို့ ကလေး တသိုက် ခုံမင်စွာ ဆော့ကစားခဲ့သော ကစားနည်းမှာ အထပ်တရာဟုခေါ်သောကစားနည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းမှ အရွယ်အစား မတူညီသော ကျောက်ခဲ ပြားပြား လေးများ ကောက်ယူလာ၍ အောက်ဆုံးတွင် အကြီးဆုံး ကျောက်ပြားထား ကာ အဆင့်ဆင့် အရွယ်အစားလိုက်ထပ်ထားရပါသည်။ အပေါ်ဆုံးတွင် အသေးဆုံးကျောက်ပြားလေး ရှိပါသည်။

ထို့နောက် အသင်း နှစ်သင်းခွဲကာ ကစားကြပါတော့သည်။ ကစားနည်းမှာ ပထမ အသင်းမှ ထိုစီထပ်ထားသော ကျောက်ပြားလေးအား တင်းနှစ်ဘောလုံ ဖြင့် ပြစ်၍ ဖြိုရပါသည်။ သုံးကြိမ် ပစ်၍ မျှ မပြိုလျင် ဒုတိယအသင်း အလှည့် ဖြစ်ပါသည်။ အကယ်၍ ဒုတိယ အသင်း ပစ်လိုက်သော ဘောလုံးကြောင့် အထပ်တရာ ပြိုသွားလျင် ဒုတိယအသင်းသားများ ပြေးရပါသည်။

ပထမအသင်းသားများက ထိုဘောလုံးအား ပြေးကောက်၍ ဒုတိယအသင်းသားများအား တယောက်မကျန်ထိ အောင် လိုက်လံပြစ်ပေါက်ရပါသည်။ ဘောလုံထိလျင် သေလူအဖြစ် ပြိုင်ပွဲမှထွက်ရပါသည်။ ဤသို့ ဒုတိယအသင်းကလည်း ရှောင်ရင်းတိမ်းရင်း ထိုပြိုကျနေသော အထပ်တရာအား တခုမကျန် အဆင့်ဆင့် ပြန်စီရပါသည်။

အထပ်တရာ စီ၍ မပြီးမှီ အသင်းသားအားလုံး ဘောလုံးထိမှန်လျင် ရှုံးပါသည်။ ဤသို့ အလှည်ကျ ပြေးလိုက်လွှားလိုက် အော်ဟစ် ငြင်းခုံ ရင်း မိုးချုပ်ခဲ့ရသော ညနေခင်းများမှာ ယနေ့ကလေးငယ်များအဖို့ ပုံပြင်တပုဒ်တဖွယ်သာ ဖြစ်နေမည် ဖြစ်ပါသည်။

0002.jpg

Original Source

ထိုအထပ်တရာ ကစားနည်းမှာ မိန်းခလေး ယောကျ်ားလေး တွဲ၍ ကစားနိုင်သောကြောင့် ကျွန်တော်တို့ ခလေးတသိုက် ခုံမင်စွာကစားကြသော ကစားနည်း ဖြစ်ပါသည်။ နောက်ကစားနည်းတခုမှာ မိန်းခလေးများ မပါဝင်နိုင်သော ကစားနည်း ဖြစ်ပါသည်။ ဂျင်ပေါက်ခြင်း ဖြစ်ပါသည်။

ကျွန်တော်ငယ်စဉ်က ဂျင်ပေါက် အလွန်ကျွမ်းကျင်ပါသည်။ ကြိုးရစ်ထားသောဂျင်အား လေထဲတွင် ဝှေ့ရမ်း၍ ဂျင်အား မိမိလက်ဖဝါး ပေါ်တွင် လည် စေသည်အထိ ကျွမ်းကျင်ပါသည်။ ဤ ဂျင်ပေါက်ကစားနည်းမှာ စည်းဝိုင်းထဲတွင် ရှိနေသော ဂျင်အား ပေါက်ထုတ်ရခြင်း ဖြစ်ပါသည်။

ဤသို့ တယောက်တလှည့် ပေါက်ထုတ်လိုက်၍ စည်းဝိုင်းထဲတွင် ဂျင် မရှိတော့သောအခါ " စည်းဆုတ် " ရပါသည်။ စည်းဆုတ် ခြင်း ဆိုသည်မှာ အထက်တွင် ဖေါ်ပြခဲ့သော နည်း ဖြစ်သည့် ဂျင်အား မိမိလက်ဖဝါးတွင် လည်စေနိုင်လျင် သော်လည်းကောင် မြေကြီးတွင် လည်စေ၍ ထိုလည်နေသောဂျင်းအား ကြိုးဖြင့်သိုင်းကာ အထက်သို့ မြောက်တင်လိုက်ရပါသည်။ ထိုဂျင်အား လေထဲတွင် အမိဖမ်းရသလို ပါးစပ်မှလည်း " စည်းဆုတ် " ဟု အော်ရပါသည်။ ဤသို့ ဖြင့် ဂျင်အမိမဖမ်းနိုင်သူ သို့မဟုတ် နောက်ဆုံး စည်းဆုတ်သူသည် စည်းဝိုင်း အတွင်းသို့ သူ၏ ဂျင်ကို ထည့်၍ အပေါက်ခံရပါတော့သည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

02.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ခုဆို ပုံပြင်တွေလို့ ပြောလို့ရနေပြီ ဆရာဟင် ခုကလေးတွေတော့
ကိုယ်တွေတုန်းကလောက် ပျော်ဖို့မကောင်းတော့ဘူး

အေးဗျာ... Digital ခေတ်​ ရောက်လာတော့လည်း ခေတ်ဟောင်းကစားနည်းတွေ ပျောက်ကွယ်လာကြတာလို့ပဲထင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က လျပ်စစ်ကစားစရာတွေမှ မတတ်နိုင်တာ... အခုကတော့ ကလေးတွေအတွက် ရွေးချယ်စရာ များလွန်းသလို တတ်နိုင်တဲ့သူတွေက တော့ ဒရုန်းတွေတောင် ဝယ်ပေးနိုင်တာကိုး။

ကိုဟင်ဆော့ခဲ့ရတာတွေ ကျွန်တော်လည်း ငယ်စဉ်က ဆော့ခဲ့ရတယ်။
အင်မတန်မှ ပျော်စရာကောင်းခဲ့တဲ့အချိန်တွေပ။ ဖန်ဂေါ်လီရော
ဖန်ဂေါ်လီနေရာမှာ အကြွေစေ့တွေထားပြီး ပစ်ပေါက်ကစားခဲ့ရတာ
ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပ။

လေးထောင့် ဆယ်ပြားစေ့ တွေ မြေကြီးမှာ တန်းစီ စိုက်ထောင်ထားပြီး ဖန်ဂေါ်လီနဲ့ ပစ်ရတာ။ နောက် အကြွေစေ့ တွေရှားလာတော့ တကျပ်တန်တွေကို တြိဂံချိုးပြီး မြေကြီးမှာ တန်းစီ ထောင်ပစ်။ လူကြီးတွေ တွေ့ရင်တော့ တွယ်တာပဲ။ ကိုယ့်ခလေး သူ့ခလေး မရွေးဘူး။ ပိုက်ဆံထောင်ပစ်တာ တွေ့လို့ကတော့ အတွယ်ခံရတယ်။ ဒါကြောင့် ဂေါ်လီ ကြေးပဲ ကစားကြတာ။

ဒီဘက်ခေတ်မတော့ သဘာဝနှင့် ခန္ဓာကိုယ်ကို အားစိုက် ကစားကြတဲ့ကလေးတွေ ရှားပါလာပြီး မိုဘိုင်းဂိမ်းတွေ ကစားကြတာ များလာပါသည်။ မိဘတွေကလည်း
ကလေးနေပြီးရော ဖုန်းတွေနဲ့ ပစ်ထားတတ်ကြသည်။ သို့ဖြစ်၍ ယခင်ကလေးတွေလောက် မကျန်းမာကြတော့သည်တကား။

ဒီဘက်ခေတ် ကလေးတွေအတွက် ကစားစရာ ဆိုလို့ အရုပ်မျိုးစုံ အိမ်မှာ ဝယ်ထားပေးမယ် အပြင်မထွက်ရ ။ ပြီးတော့ ကျောင်းနဲ့ ကျူရှင်နဲ့ ကစားချိန်ကို မရှိပါဘူးဗျာ။