Rule & Value
စည်းကမ်း ဆိုသည်မှာ နယ်နိမိတ်အပိုင်းအခြား ကန့်သတ်ခြင်း ဖြစ်ပါသည်။ ဝေါဟာရစကားလုံး နည်းသော်လည်း လူ့လောကတစ်ခုလုံးတွင် စည်းကမ်းနှင့်ကင်းသည်ဟု မရှိ။ လူ့ဘောင်တစ်ခုလုံးကို စည်းကမ်းနှင့် အနားသတ် ဘောင်ခတ်ထားသည်။ လူသားကို မဆိုထားနှင့် သဘာဝတရား၌ပင် စည်းကမ်းရှိသည်။ နေ့နှင့်ည အချိန်ကာလ သတ်မှတ်ချက်ရှိသည်။ ထိုသတ်မှတ်ချက်နှင့်အညီ အိပ်စက်အနားယူချိန်နှင့် နိုးထလှုပ်ရှားချိန်ဟု သတ်မှတ်ကာ နေထိုင်ပြုမူ ကြရသည်။ ညအချိန်၌ အိပ်မပျော်သူသည် အကျိုးမဲ့ အချိန်ဖြုန်းတီးရာ ရောက်သကဲ့သို့ နေ့အချိန်၌ အိပ်စက်နေသူသည်လည်း အကျိုးမဲ့ရာ ရောက်သည်ပင်။ ပန်းမန်သစ်ပင်တို့သည်ပင် နွေ၊ မိုး၊ ဆောင်းရာသီကို လိုက်၍ အချိန်သင့် အခါသင့် ပွင့်ခြင်းတို့ဖြင့် စည်းကမ်းဘောင်အတွင်း၌ တည်ရှိနေကြရသည်။ လူသားတို့တွင်မူ ပညာ၊ ဥစ္စာ၊ တရားရှာဖွေရာ၌ အချိန်ကာလနှင့်အညီ အဆင့်ဆင့် စည်းကမ်း သတ်မှတ်ချက်ရှိသည်။ ကျောင်း၊ အလုပ်ခွင်စသည့်ဖြင့် စည်းကမ်းရှိသည်။ လူမှုရေးစည်းကမ်း၊ ဘာသာရေစည်းကမ်း၊ အုပ်ချုပ်ရေးစည်းကမ်း စသည့်ဖြင့်လည်း လူ့ကျင့်ဝတ်နှင့်အညီ နေထိုင်တတ်အောင် ဘောင်ခတ်၍ ထိန်းသိမ်းထားပြန်သည်။
မြစ်တို့ကို ကမ်းဖြင့် အနားသတ်ထားသည်။ တောင်းကို အကွပ်ဖြင့် အနားသတ် ဘောင်ခတ်ခြင်းဖြင့် ခိုင်မြဲစေသည်။ လယ်ယာတွင် ကန်သင်းဖြင့် ပိုင်းခြား၍ ရွာတည်ရာ၌ စည်းရိုးဖြင့် သတ်မှတ်သည်။ နိုင်ငံတွင် နယ်နိမိတ်ဖြင့် အခိုင်အမာ ပိုင်းခြားခြင်းဖြင့် အရှုပ်အရှင်း ပြသနာမှ ကင်းဝေးစေသည်။ စည်းကမ်း၏ သဘောမှာမိမိတို့ သက်ဆိုင်ရာ နယ်နိမိတ်အတွင်း၌ နေထိုင်ခြင်း၊ ကျူးကျော်မှု မရှိခြင်းတို့ဖြစ်သည်။ ပြသနာကင်းရှင်းအောင် နေတတ်ရန်အတွက် စည်းကမ်း သတ်မှတ်ရပေသည်။
လွတ်လပ်ရေး ဆုံးရှုံးရသည့် တိုင်းပြည်များကို ကြည့်လျှင်လည်း တန်ခိုးအာဏာကို အထိုက်အလျောက် သုံးစွဲရသည်ကို မရောင့်ရဲနိုင်။ တန်ခိုးအာဏာချင်းပြိုင်၍ စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်ကြသော အခြေအနေမျိုးတွင် သူ့ကျွန်ဖြစ်ရတတ်သည်ကို တွေ့နိုင်သည်။ မယ်နု၊ ဦးအိုတို့ တန်ခိုးအာဏာ ရှိသင့်သည်ထက်ပို၍ သုံးသော ဘကြီးတော်ဘုရားလက်ထက်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ရှုံနိမ့်ခဲ့သည် မင်း၏ စည်းကမ်းနှင့်မညီ။ လောင်းကစားနှင့် အချိန်ကုန်သည်။ ပုဂံမင်းလက်ထက်တွင် ဒုတိယအကြိမ် စစ်ရှုံးရသည်။ ဆင်ဖြူမရှင်၊ စုဖုရားလတ်တို့နှင့် ကင်းဝန်မင်းကြီး၊ တိုင်းတာမင်းကြီးတို့ စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်ခဲ့သော သီပေါမင်းလက်ထက်၌ လွတ်လပ်ရေး ဆုံးရှုံးရခြင်းမှာ အဆန်းမဟုတ်ပါ။ ထို့ကြောင့် အချုပ်တန်းဆရာဖေက ” မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီငြမ်းထောက်အသစ်မှီသည်၊ ညစ်ပလီလူမျိုး” ဟု ကဗျာဖွဲ့ခဲ့ပေသည်။
စည်းကမ်းဟူသည် လွတ်လပ်မှုနှင့် မျှတမှုတို့ ပေါင်းစပ်ထားသည့် လူမှု့ကျင့်ဝတ်ဖြစ်သည်။ စည်းကမ်းရှိလျှင် လူတိုင်း လွတိလပ်ပျော်ရွှင်စွာ အခွင့်အရေးကို အညီအမျှရနိုင်သည်။ တစ်ဦးတစ်ယောက်က စည်းကမ်းဖောက်လျှင် တစ်ပါးသူအား ထိခိုက်သည်။ တစ်ပါးသူ၏ လွတ်လပ်မှုကို ထိပါးသည်။ မျှတမှု ကင်းမဲ့သွားသည်။ မိဘဝတ်၊ သားသမီးဝတ်၊ လင့်ဝတ်၊ မယားဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်ဟု မြန်မာလူမှုရေး သတ်မှတ်ချက်များမှာ စည်ူကမ်း သတ်မှတ်ချက်ပင် ဖြစ်သည်။ လင်နှင်မယား ဝတ္တရားကျေပွန်ကြလျှင် သာယာချမ်းမြေ့သည့် အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်မည်။ တစ်ဦးတစ်ယောက်က ဖောက်ဖျက်လျှင် မိသားစုဘဝပျက်မည်။ ဆရာနှင့်တပည့်တွင်လည်း အပြန်အလှန် ဝတ္တရား သတ်မှတ်ချက်များ ရှိသည်။ ဆရာ့ဝတ်၊ တပည်ဝတ် ညီညွတ်၍ သံဝရမင်းသားသည် ဗာရာဏသီမင်းကြီး၏ အငယ်ဆုံးသားတော်ဖြစ်လျက် ထီးနန်းရခဲ့သည်။
စည်းကမ်းအစ စာသင်ခန်းကဆိုသော စကားအတိုင်း ဖယောင်းပမာ ပျော့ပျောင်း၍ ပုံသွင်းရန် လွယ်ကူသော ကျောင်းသားအရွယ်တွင် စည်းကမ်းလိုက်နာတတ်အောင် ပြုပြင်ပုံသွင်းရမည်။ သိုမှသာ စည်းကမ်းသိသော နိုင်ငံကြီးသားများအဖြစ်နှင့် ပြည်သူပြည်သားကောင်း၏ တာဝန်ကို နားလည်နိုင်မည်။ ဂီတသံစဉ်များပင် စည်းဝါးညီညွတ်မှ နားဝင်ပီယံဖြစ်သည်။ အတွေးနှင့်ဖွဲ့သီသော ကဗျာလင်္ကာပင် ကာရံဆိုသည့် စည်းကမ်းကင်းမဲ့လျှင် သာယာချိုပြေမည် မဟုတ်ပေ။ ထို့ကြောင့် စည်းကမ်း ဆိုသော သဘောသည် တေးတစ်ကျော့၊ ကဗျာတစ်ပုဒ်မှစ၍ နိုင်ငံအုပ်ချုပ်မှုအဆုံး တစ်ကမ္ဘာလုံတွင် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ဟု ဆိုရပါမည်။ လူ့ဘဝ၏ မြင့်မြတ်ခြင်း၊ ယုတ်နိမ့်ခြင်းကို စည်းကမ်းကပင် အဆုံးအဖြတ် ပေးနိုင်ပါတော့သည်။
MSC-047
@kokyawzinphyo
Photo Credit; Google Image
စည်းကမ်းရှိဖို့က တကယ့်အရေးအကြီးဆုံးပေါ့ဗျာ အစ်ကို
စည်းကမ်းလိုက်နာမှ တန်ဖိုးရှိတာ
စည်းကမ်းကောင်းမှ ကိုယ်လုပ်တဲ့အလုပ်လည်း ပိုပြီးလှပသေသပ်မယ်လို့ထင်ပါတယ်ဗျာ
ဟုတ်လိုက်တာအကိုရာ
စည်းကမ်းနဲ့တန်ဖိုးဟာ လူတိုင်းမရှိမဖြစ်လိုအပ်ပါတယ်
အရမ်းလိုအပ်ပါတယ်
စည်းကမ်း နဲ့ စည်းစံနစ်ကျနမှု ဟာ
အောင်မြင်မှုရဲ့ သော့ချက် တစ်ခုပါဘဲ
မှတ်သားထားပါမယ်တီတီ
ကောင်းပါတယ် အစ်ကိုရေ။
ကျေးဇူးပါဗျ
အမှန်ပါဘဲ့👍
ဟုတ်ကဲ့ပါဗျ
မှန်တာပေါ့ဗျာ
စည်းကမ်းသည် လူ၏တန်ဘိုးတဲ့
ဟုတ်ပါတယ်ဗျ
စည်းကမ်းသည်လူ၏တန်ဖိုး
အမှန်ပေါ့ဗျာ
စည်းကမ်းမရှိရင်မအောင်မြင်နိုင်ပါဘူးဒါကြောင့်စည်းကမ်းဆိုတာအဓိကလိုအပ်တာပေါ့ဗျာ
ဟုတ်လိုက်လေကိုသာအေးရေ
စည်းကမ်းသည် လူ၏တန်ဖိုး😁
မှန်ပညီလေးရေ