လိပ်ပြာတောင်ပံ ခတ်သံများ
လိပ်ပြာတောင်ပံ ခတ်သံများ
(အမျိုးအစား။ ။ ဝတ္ထုတို)
အခုတလော ကျုပ် ဖြစ်နေပုံက ထူးလည်းထူး, လူရယ်စရာလည်း ကောင်းရဲ့။
ဘယ်သူ့မှလည်း မပြောရဲ။ ယုတ်စွအဆုံး ငယ်ပေါင်း ဖြစ်တဲ့ ကျုပ်မိန်းမ သန်းအေးကိုတောင်မပြောရဲဘူး။ ရူးတယ်ဆိုပြီး ကျုပ်ကွယ်ရာမှာ အရင်ဆုံးလှောင်မယ့် ဟာမ။ ဒါပေမဲ့ ဒီဒုက္ခ ဘယ်လောက်ကြီး နေသလဲဆိုတာ ကိုယ့်ဘာသာကိုယ် အသိဆုံး။ အခုလောလောဆယ်ဆယ် အလုပ်ချင်ဆုံး ကတော့ ကွမ်းစားနေတဲ့ လူတွေ့ရင် မျက်နှာဖြတ်ရိုက်ပစ်ချင်စိတ်ပေါက်နေတာကတော့ သေချာတယ်။ စိတ်မထိန်းနိုင်ရင် ကျုပ်တကယ်လုပ်များ လုပ်မိမလားပဲ။
ကြားဖူးတာပေါ့။ အကြောက်ဆိုတဲ့ တရား။ လူတွေက ခွေးကြောက်တတ်တယ်။ မြွေကြောက်တတ်တယ်။ ဘာများဆန်းလို့လဲ။ အန္တရာယ်ပေးနိုင်တဲ့ အကောင်ဗလောင်ကို ကြောက်ကြတာ သမားရိုးကျပဲ။ နည်းနည်း ဆန်းတဲ့ လူတွေလည်းကြုံဖူးတယ်။ လက်သမားလုပ်တဲ့ ကိုသိန်းလှဆို အိမ်မြောင်ကြောက်တာ နေစရာ မရှိဘူး။ မတော်တဆများ အိမ်မြောင်တွေ့ရင် သေးတွေ, ချေးတွေတောင်ထွက်ကျတယ်။ လွှစင်ထောင်ထားတဲ့ ကိုတောက်ထိန်ကျတော့ တမျိုး။ ကြေးစည်သံကြားရင် နားပိတ်နေရတာ။ ဘယ်ဘဝက ဝဋ်ကြွေးလည်း မသိဘူး။ ဘုန်းကြီးကျောင်းဆို တစ်ခါလေးမှ ခြေဦးမလှည့်တာ တသက်လုံး။ သူသေရင်တောင် ကြေးစည် မထုဖို့ မှာသတဲ့။ သူတို့နဲ့ မတူတဲ့ အကြောက်က ကျုပ်မှာမှလာဖြစ်တယ်။ ပုံမှန်မဟုတ်ဘဲ အကောင်သေး အကောင်မွှားကို ကျုပ်လိုအကောင်က ကြောက်ဖို့ဆိုတာဝေးသားပေါ့။ သူများတွေက သူငယ်နာ မစင်လို့ ကြောက်တာ။ ကျုပ်ကတော့ အသက်လေးဆယ်တင်းတင်းပြည့်မှဖြစ်လို့ “သူကြီးနာ”လို့ ခေါ်ရမလားပဲ။
ကျုပ်သူကြီးမဖြစ်ခင် လူပျိုခေါင်းလုပ်တုန်းက နွားသိုးတစ်ကောင်ကို တုံးလုံးလဲအောင် ချိုကကိုင်ပြီး လည်ပင်းကို လိမ်ပစ်ဖူးတယ်။ ဆန် တစ်တင်းခွဲအိတ်ဆို တစ်လုံးတည်းသယ်ရင် ပေါ့ဟာဟာ နေလို့ နှစ်လုံး ထပ်ထမ်းခဲ့တာ။ ဆန်အိတ်ကို နှစ်ယောက်ပင့်မှ ခြောက်ပေလောက်ရှိတဲ့ ကျုပ်အရပ်ကို မီကြတယ်။ လူ, လူချင်းကတော့ ပြောမနေနဲ့။ ဒီနယ်တစ်ကျောလုံး ကျုပ်က ‘ဟိတ်’ ဆိုရင် ပုလိပ် ထက် မီးသေတယ်။ ကျုပ်ရဲ့ ကာယအားအပြင် တခြားအကြောင်းတွေကိုလည်း ကြောက်လို့နေမှာပေါ့။ ခံတန်တန်လုပ်တဲ့ ငတင်၊ ရွာပြင်မှာ ခေါင်းကွဲပြီး သေနေတာ၊ ကျုပ်လက်ချက်မှန်း တစ်ရွာလုံးသိပေမဲ့ ဘယ်သူမှ မဟရဲဘူး။ အခုတော့ ဘာမှ မယ်မယ်ရရမရှိတဲ့ဟာကြီးကို ချွေးစေးတွေပြန်အောင် ကြောက်နေလို့ ကျုပ်ဘာသာ ကျုပ်လည်း စိတ်တိုတယ်။ ဒီဘာမှန်းမသိဘဲ ကြောက်နေရတာကြီးကို ဝမ်းထဲမြုံထားရတာက ကျုပ်ထမ်းဖူးတဲ့ ဝန်တွေ ထက် အဆမတန်လေးနေလိုက်တာ။ တစ်ယောက်ယောက်ကို ဖွင့်မပြောရရင် ကျုပ်ရူးများ ရူးသွားမလား မသိဘူး။ ကျုပ်ရောင်းရင်း အရက်သမားချစ်တင်တစ်ယောက် ရူးကြောင်ကြောင်ဖြစ်သွားတုန်းက သဲကြဲလေး တစ်ရွာလုံး ပျော်ကြတာ။ သေလည်းသေရော သူ့မိန်းမ ခင်ထွေးရဲ့ စကားက ပြောစမှတ် တောင်တွင်တယ်။ “ချစ်တင်သေတာ ငိုဖို့ မပြောနဲ့ အရည်ထွက်ရင်တောင် ဝမ်းနည်းတယ်လို့ အရပ်ကထင်မှာစိုးလို့ ဒီနေ့တော့ သေးတောင်မပေါက်ဘူး” တဲ့။
ကျုပ်လည်း မတော်တဆများ ရူးသွားခဲ့ရင် ရွာက ခုနှစ်ရက်, ခုနှစ်လီ ဆိုင်းငှား မလားပဲ။ ကျုပ်မနေနိုင်တဲ့ အဆုံးတော့ ငယ်ပေါင်းမိုက်ဘက် ပေါက်စ ဆီထွက်လာခဲ့တယ်။
နေတောင် ထန်းတစ်ဖျားမရောက်သေးဘူး၊ ပေါက်စလက်ထဲမှာ ပုလင်းက ထက်ဝက်ကျိုးနေပြီ။ ကမ်းပေးတဲ့ခွက်ကို ရေမရောဘဲ တစ်ချက်တည်း မော့ချလိုက်တော့ ဒီကောင်ခေါင်းထောင်လာတယ်။ ကျုပ်တို့အချင်းချင်းက အထာကျေပြီးသား။ အရေးအကြောင်းကြီးတဲ့ အမူအယာမှန်း သိနေတဲ့ကောင်။ သုံးခွက်လောက်ဆင့်သောက်ပြီးမှ ရင်ထဲနွေးပြီး၊ ခံစားရတာ နည်းနည်းပေါ့သွားတယ်။ ကျုပ်လည်း ဖွင့်ပြောရော ပေါက်စက ရယ်လိုက်တာ၊ မျက်စိပေါက်မနည်းရှာရတယ်။ ထင်ထားတဲ့အတိုင်း ရယ်နေပေမဲ့ ကျုပ်ဒေါသတွေထွက်တာပေါ့။ ပေါက်စ မဟုတ်တဲ့ တခြားလူသာဆိုရင် သွားတွေတစ်ချောင်းစီ လိုက်ကောက် နေရလောက်ပြီ။ ကျုပ်မျက်နှာ တင်းလာမှ ပေါက်စက မျက်နှာပိုးသတ်တယ်။
“မင်းအဲလို ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ…”
ကျုပ်နည်းနည်းတွေသွားတယ်။ တစ်လလောက်ရှိပြီထင်တာ။
“ကုန်းသာက ဦးဖိုးဆင်ရဲ့အိမ်ကို ဓားပြတိုက်ဖို့ လက်ထောက်ချတဲ့နေ့က ထင်တယ်”
ကျုပ်မရေမရာပြောတော့ ပေါက်စက ခေါင်းခါတယ်။
“နောက်နေ့ မင်းနဲ့ ထိန်ကြီးတို့ဓားပြအုပ်စုတွေ ခွဲတမ်းချရင်း အရက်တောင် အတူတူသောက်ကြ သေးတယ်။ ငါလည်းရှိနေတာပဲ။ အကောင်းကြီးပါ…။ အခုလို မျက်နှာမျိုး ဟုတ်သေးပါဘူး။ ထိန်ကြီးဆွဲလာတဲ့ ကျွဲမကြီးသားအမိကိုတောင် မင်း လှံနဲ့ တစ်ကောင်တစ်ချက်ထိုးပြလိုက်သေးတယ် ”
ပေါက်စကပြောရင်း သွေးအိုင်ထဲက ကျွဲမသားအမိကို မြင်ယောင်ပြီး တံတွေးပြစ်လာပုံရတယ်။ ထွီ ကနဲ ထိုင်ရာမထ ပြတင်းပေါက်က အပြင်ထွေးထုတ်တယ်။ တားချိန်မရလိုက်ဘူး။ ထွေးမှာမှန်းသိလျက်နဲ့ကို ‘ထွီ’ ဆိုတဲ့ အသံလည်းကြားရော ကျုပ် ချွေးတွေပြန်လာတဲ့အထိလန့်ပြီး တုန်လည်းတုန်သွားတယ်။ ပုလင်းကို ကိုင်ထားတဲ့ ကျုပ်လက်တွေ တဆတ်ဆတ် ဖြစ်နေတာကို ပေါက်စတွေ့တော့မှ….။
“ဟာ… မင်းတကယ်လန့်နေတာပဲ…။ သတိထားပါဦးကွ…။ မင်းဟာက ပရောဂများလား။ အေးမတို့ အမယ်ကြီးကများ ပြုစားသလားကွာ။ အေးမကို နဝင်းချောင်းစပ်မှာ မင်း နသားဘားယား လုပ်တာ ဘယ်သူ့မှ ပြန်မပြောဘူးဆိုရင်တောင် အဲဒီအမယ်ကြီးတော့ သိလောက်တယ်။ အမယ်ကြီးက စုန်း တတ်တယ်လို့ ပြောကြတယ်နော်”
ကျုပ်လက်ထဲက ပုလင်းကို ရိုက်ခွဲရင်း ပေါက်စကို အော်ပစ်တယ်။ “မင်းပေါက်ကရမပြောနဲ့ကွ”
ကျုပ်လည်း စိတ်ပေါက်ပြီးမှ ပေါက်စမျက်နှာမြင်တော့ သတိဝင်လာတယ်။ ကျုပ်စိတ်ကိုသိတဲ့ ဒီကောင့်မျက်နှာမှာ သွေးမရှိတော့ဘူး။ လက်ထဲက ပုလင်းပြတ်ကို လွှတ်ချပြီး လှည့်ထွက်လိုက်တယ်။ ရွာထဲ ဖြတ်လျှောက်လာတာ ခွေးဟောင်သံတောင်မကြားရဘူး။ ကွမ်းသည်မဘုမဆိုရင် သူ့ခွေးကြီးကို ပွေ့ပြီး နှုတ်သီးကို နှီးနဲ့ချီနေတာ တွေ့လိုက်တယ်။ ကျုပ်စိတ်တိုရင် သူများခြံသော,ဘာသောမထားဘူး။ အိမ် ထဲအထိလိုက်ပြီး ဟောင်တဲ့ခွေးကို သတ်ပစ်တာ တစ်ရွာလုံးအသိ။ စိတ်ပေါက်ပေါက်နဲ့ လျှောက်လာရင်း ရွာထိပ်ကညောင်ပင်ဝိုင်းကို ရောက်မှ တစ်ခု သတိရတယ်။ ဟုတ်တယ်။ ဒီညောင်ပင်အောက်မှာပဲ။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က စာတတ်မြောက်ရေး စီမံချက်ဆိုလား ဘာဆိုလား။ ‘အ သုံးလုံး’ သင်တန်းတွေ လာဖွင့်ကြတယ်။ နေရာမရှိတော့ ညောင်ပင်ဝိုင်းမှာ ဖျာခင်းပြီး သင်ကြတယ်။ အလုပ်မရှိ အလုပ်ရှာပြီး အိမ်သာဆောက်ဖို့ကအစ ဘုရားရှိခိုးသင်တာအဆုံး လာပြီးသင်တန်းပေးကြတယ်။ ဝက်ထီးကန် ဘက်က ကျောင်းဆရာယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင် တစ်ယောက်ရဲ့ ကွမ်းတရားကို ကြားပြီး ကတည်းက ကျုပ်ဒီလိုဖြစ်လာတာမှတ်မိပြီ။ ကျုပ်တို့တစ်ရွာလုံးကလည်း ကရင်တောက အဘ ခေါ်ရ မလောက် ကွမ်းကြိုက်တာကိုမြင်ပြီး ပြောစရာ အပေါက်အစ ရှာလို့ရသွားတဲ့ပုံပါ။ ဘာတဲ့…။
ဒေါ်ခင်မျိုးချစ်ဆိုတဲ့ စာရေးဆရာမက ပြောသတဲ့။ ကွမ်းစားတဲ့အခါ ကွမ်းသီးစိတ်တွေ မညက်ခင် ကိုယ်ကြုံဖူးတဲ့ မကျေနပ်စရာ အကြောင်းကို တွေးလို့ ကွမ်းသီးစိတ်ကို အံကြိတ်လိုက်ပါတဲ့။ ကွမ်းသီးလေးများ ညက်လို့ စားကောင်းရင် ဘဝရဲ့ ကြည်နူးစရာ အကြောင်းတွေ ပြန်တွေးပြီး စားမြုံပြန်လိုက်ပါတဲ့။ အဲဒီအထိက ကျုပ်နဲ့ မပတ်သက်သေးဘူး။ လျှာရှည်တဲ့ ထွန်းအုံရဲ့သားကြောင့်အခုလို ဖြစ်လာတာ။ မြို့မှာ ကျောင်းတက်တယ် ဆိုပြီး မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ကောင်။ ထွန်းအုံရဲ့သားက ကွမ်းထွေးတော့ ရော ဘယ်လိုထွေးလဲ ဆရာ ဆိုပြီးထမေးတော့ ဟိုဆရာယောင်က ခဏနေပြီး စာရေးဆရာမက မပြောခဲ့ပေမဲ့ မကျေနပ်တဲ့ လူကိုမြင်ယောင်ပြီး ထွေးပေါ့ဗျာ ဆိုကတည်းက ကျုပ်မှာ အဖြစ်ဆိုးတော့တာပဲ။ ဘယ်သူက ကွမ်းထွေးလိုက်, ထွေးလိုက် ကျုပ်ကို ရည်ရွယ်ပြီးထွေးတယ်လို့ကို ထင်နေတာ…။ အစပိုင်းမတော့ မသိသာ သေးဘူး။ အဲဒီအသံက ကျုပ်အသည်းနှလုံးကို လက်အေးအေးကြီးနဲ့ဆုပ်ညှစ်ထားသလို ခံစားရတယ်။ တစ်ခါကြားတိုင်း ဘီလူးစီးသလိုလို၊ အိပ်မက်ခြောက်တွေက လန့်နိုးလာလိုလို။ တဖြည်းဖြည်းနဲ့ ဒီ ‘ထွီ’ ကနဲ အသံကြားရင် ကျုပ်လန့်လာတယ်။ နောက်တော့ တုန်နေအောင်ကို ကြောက်လာတာပဲ။
ကျုပ်တို့ရွာက ပြည်ရယ်၊ ပေါက်ခေါင်းရယ်၊ ဝက်ထီးကန်ရယ် မြို့နယ် သုံးခုဆုံတဲ့နေရာမှာရှိတာ။ ဘယ်မြို့နယ်က ပိုင်တာလဲ ကျုပ်လည်းမသိဘူး။ ဓားပြသံကြားရင် သုံးနယ်စလုံးက ပုလိပ်တွေ ရောက်လာ တတ်တယ်။ လာချင်မှလည်း လာတယ်။ ကျုပ်တို့အဘတွေ၊ အဘိုးတွေ ခေတ်အဆက်ဆက် မိုက်တဲ့လူက သူကြီးပဲ။ ဘုရားပွဲတစ်ခါလုပ်ရင် အနည်းဆုံး လူသတ်မှုသုံးမှုလောက်ဖြစ်တယ်။ ဘယ်တော့မှ အမှုပေါ်တယ် ဆိုတာမရှိဘူး။ ဒီလိုတစ်ရွာလုံးကို ခေါင်းမဖော်ရဲအောင် နှိမ်ထားလို့သာ ကျုပ် ဒီသူကြီးအလုပ်ကို သမနိရှည်အောင် လုပ်နိုင်တာ။ ခပ်ပျော့ပျော့ဆို ကျုပ်ကို နှံ့သွားတာ ကြာပြီပေါ့။
ကျုပ်ခေါင်းက ဆံပင်တွေကို ရန်သူလိုဆွဲကုတ်ပြီး အိမ်ကိုလှည့်ပြန်လာခဲ့တယ်။ ဆံပင်ကလည်း တော်တော်တောင် ပါးနေပြီ။ တဖြည်းဖြည်းနဲ့ ကျုပ်လည်း တရှောင်ရှောင်ဖြစ်ပြီး စားချင်, သောက်ချင် စိတ်တဲ့စိတ်လည်း မရှိတော့ဘူး။ တနေ့၊ တနေ့ အိမ်ဘေးက လယ်ထွန်၊ ကိုင်းလုပ် သွားတဲ့လူတွေ ဖြတ်သွား တုန်းဆို ခေါင်းအုံးနဲ့ နားနှစ်ဘက်ကို ပိတ်ထားမိတဲ့ အထိကြောက်လာတာ။ မတော်လို့ ကွမ်းထွေးသံများ ကြားဖြစ်အောင်ကြားမိရင် နေလို့မရတော့ဘူး။ ကျုပ်ဒီအသံကို ခံနိုင်အောင် ကြိုးစားပါသေးတယ်။ ဒါမှ ကျုပ်ဒီဝဋ်ကြွေးကလွတ်မှာလေ။ စိတ်ကို အကြိမ်ကြိမ်တင်းတယ်။ မေးကြောတွေထောင်အောင် တောင့်ပြီး အသက်အောင်ထားကြည့်တယ်။ ဒါပေမဲ့ မရပါဘူးဗျာ။ တစ်ကြိမ်ထက် တစ်ကြိမ်ပိုကြောက်လာတယ်။ နွားတွေ နှာဖောက်တဲ့ မီးဖုတ်စူးနဲ့ ကျုပ်နားကို ထိုးဖောက်ရင်ကောင်းမလား ဆိုပြီးလက်ရောက်မိတာတောင် အကြိမ်ကြိမ်ပဲ။ နားပင်းသွားရင် လည်း ကျုပ်သက်သာသွားနိုင်တာပဲ။ ဒါပေမဲ့ လက်မရဲပြန်ဘူး။
ထွန်းအုံ ကျောင်းသားဘဝက သူ့ပထွေးမူးပြီး နားရင်းရိုက်လို့ နားတစ်ဘက်လေးသွားတာ သတိရတယ်။ ဘယ်ဘက်က ခေါ်ရင်တော်တော်နဲ့ မသိဘူး။ ဟုတ်ပြီ။ ကျုပ် နားနှစ်ဘက်ကို လက်ခုပ်နဲ့ ဆယ့်လေးငါးချက် အားရှိသမျှဆင့်ရိုက်လိုက်တာ မျက်လုံးထဲမှာ မီးဝင်းဝင်းတောက်သွားတာပဲ။ နားထဲမှာ ဖောင်းကနဲ, ဖောင်းကနဲ အသံက တစ်ချက်ထက်, တစ်ချက်တိုးသွားတယ်။ နားထဲက သွေးစတွေထွက်တာ တစ်ပတ်လောက်နေမှ ရပ်တယ်။ ကျုပ်မိန်းမ နဲ့ စကားပြောရင် သူအတော်လေး အော်ပြောလာရတယ်။ ကျုပ်တော်ရုံအသံကို မကြားရတော့ဘူး။ အရင်က ကျုပ်အိမ်ကြမ်းခင်းတွေ သံချက်ကြွနေတာ လမ်းလျှောက်တိုင်း မြည်နေပေမဲ့အခု အဲဒီအသံကအစ မကြားရတော့ဘူး။ ကွမ်းထွေးသံ လောက်ကတော့ ဘယ်နည်းနဲ့မှ ကြားစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ဗျာ…။ နေ့နေ့ညည လူရိပ်မြင်တာနဲ့ အဲဒီကွမ်းထွေးသံကို ပြတ်ပြတ်သားသားကြီးကို ကြားနေရတုန်းပဲ။
အိမ်နားမှာ ကွမ်းထွေးသံတွေ စိတ်လာလို့ ဘယ်သူထွေးသွားလဲသိရအောင် ကျုပ်မိန်းမကို လိုက်ကြည့်ခိုင်းရင် ဒီမိန်းမကပါ ကျုပ်ကိုညာတယ်။ ဘယ်သူမှ မရှိဘူးတဲ့လေ။ နားနဲ့ဆတ်ဆတ်ကြားရတဲ့ ကျုပ်ကပဲ ရူးနေသလိုလို။ အပမှီထားတဲ့ လူကိုကြည့်တဲ့ မျက်နှာပေးမျိုးနဲ့ ဒီမိန်းမက ကြည့်လာတယ်။
တခါ, တခါလည်း ပေါက်စ ရောက်လာတတ်တယ်။ နေကောင်းလား၊ အရက်သောက်မလား မေးတယ်။ သိပ်ကြာကြာမနေဘူး၊ ပုလင်းလေးငါးလုံးချထားပြီး ပြန်သွားရော။ ကျုပ်အကြောင်း ဒီကောင်ဘာမှမပြော လောက်ဘူးတော့ ထင်တာပဲ။ ဒါပေမဲ့ နောက်ပိုင်း ကျုပ်အိမ်ခေါင်းရင်းမှာ ကွမ်းထွေးသံက ပိုပြီး စိပ်လာသလိုပဲ။ ဒီကောင်မပြောရင်ဘယ်သူမှ မသိနိုင်တဲ့ ကိစ္စလေ။ ကျုပ်ဆီကို လာတယ်ဆိုတာကလည်း ကျုပ်ရဲ့ ကျန်းမာရေးကို မသိမသာ စနည်းနာရအောင် လာတာလည်း ဖြစ်နိုင်တာပဲ။ သန်းအေးပြန်ပြောတာတော့ ကျုပ်နေမကောင်းဖြစ်နေတုန်း ရပ်ရေးရွာရေးကို ဖိုးရွှေက ဦးဆောင်လုပ်သတဲ့။ ဖိုးရွှေ ကာလသားခေါင်း လုပ်နေရာက အလှမ်းကျယ်လာတယ်။ ကျုပ်က ရွာကိုအနိုင်ကျင့်တဲ့ အကြောင်းတောင် ဒင်းက ပြောချင် ပြောနေမှာ။ ဖိုးရွှေဆိုတာ အရင်ကဆိုရင် ကျုပ်ကို မော်တောင်ကြည့်ရဲတဲ့ လူစား မဟုတ်ဘူး။ နေကောင်းလာမှ ကျုပ်လက်သီးဆုပ်သာသာရှိတဲ့ ဖိုးရွှေရဲ့ခေါင်းကို ဖရဲသီးခွဲသလို ထိုးခွဲပစ်လိုက်ဦးမယ်။ လောလောဆယ်တော့ ကျုပ်အိပ်တဲ့ ခြင်ထောင်တောင် ကျုပ်မချနိုင်သေးဘူး။ မျက်နှာကို ပြန်စမ်းကြည့်တယ်။ ပါးရိုးတွေတောင် ပေါ်နေပြီ။ မရိတ်ရတာကြာလို့ မုတ်ဆိတ်ကျင်စွယ်တွေက လက်နှစ်သစ်လောက် ရှည်နေပြီ။ ဘယ်အချိန်က နောက်ဆုံးလျှော်ခဲ့သလဲမမှတ်မိတော့တဲ့တိုက်ပုံအင်္ကျီ ရင်ဘတ်အကွဲမှာ ဗိုက်တစ်ခုကလွဲလို့ တကိုယ်လုံး ချောင်ကျနေတာကြည့်မိတိုင်း ကျုပ်စိတ်ဆင်းရဲရတယ်။ လက်ဖျံတွေမှာလည်း အကြောတွေက သွေးဝနေတဲ့ ကျွဲမြော့တွေလိုခုံးထနေတာကလွဲရင် အသားရှာမရဘူး။ အိမ်ကိုလာကုပေးနေတဲ့ အပ်ပုန်းထွန်းကြည်ရဲ့ ဆေးကလည်း နေ့ရှိသရွေ့ဒါပဲ။ သက်သာလာတယ်လို့ကိုမထင်ရတာ။ ပြီးတော့ တိုးတိုး, တိုးတိုးနဲ့ ကျုပ်မိန်းမ သန်းအေးကို ဘာမှာတယ်မသိဘူး။ ဟိုဟာမက ဆေးရုံသွားမယ်ချည်းလုပ်နေတယ်။ ဆေးရုံကို သွားမယ်သာ ပြောနေတာ ဒီကောင်မက ကျုပ်အနား ကပ်ရင်တောင် နှာခေါင်းလေး ရှုံ့ကာ,ရှုံကာနဲ့။ နှစ်ယောက်လုံးကို ထကန်လိုက်ရ မကောင်း ရှိတော့မယ်။
မှေး ကနဲ အိပ်ပျော်သွားတော့ အိမ်ပေါ်ကို ပေါက်စနဲ့ ဖိုးရွှေ တက်လာတယ်။ ပါးစပ်တွေကလည်း ကွမ်း တပွက်ပွက်နဲ့။ ကျုပ်မကြိုက်မှန်းသိရက်နဲ့…၊ ဒါ တမင်လုပ်လာတာ။ ပြီးတော့ ကျုပ်ခြင်ထောင်ကို လှန်ကြည့်တယ်။ ကျုပ်မလှုပ်နိုင်သေးဘူး။ ဒီကောင်တွေ ရဲတင်းလာပြီးတော့ ကျုပ်ရင်ဘတ်ပေါ်အထိ ခွထိုင်တယ်။ ဖိုးရွှေရဲ့ ဘေးမှာ ပေါက်စက ပြုံးပြုံးကြီး ကျုပ်ကို ကြည့်နေတယ်။ ကျုပ်မိန်းမကို လှမ်းကြည့်တော့ သူနဲ့ဘာမှ မဆိုင်သလိုပဲ။ ပြောင်းဖူးဖက်ဆေးလိပ်ကိုတောင် မီးတွေ ရဲနေအောင်ဖွာလိုက်သေးတယ်။ ကျုပ်ဒေါသ ထွက်လိုက်တာ ဘာပြောကောင်းမလဲ။ ဒါပေမဲ့ မလှုပ်နိုင်ဘူး။ ဒေါသထွက်ရာက တဖြည်းဖြည်းနဲ့ ကျုပ်ကြောက်လာတယ်။ ခြေထောက်တွေရော, လက်တွေကိုပါ ကြိုးတုတ်ထားသလိုပဲ။ ကျုပ်တစ်တစ်ခွခွ ဆဲတယ်။ ဘာအသံမှ ထွက်မလာဘူး။ တစ်ခါမှ တွေးမကြည့်ဘူးတဲ့ အခြေအနေပဲ။ ဖိုးရွှေက အပေါ်ကစီးကြည့်ပြီးတော့ သူ့ပါးစပ်ထဲက ကွမ်းအပြည့်ကြီးနဲ့ အားရပါးရ “ထွီ” ကနဲ ကျုပ်မျက်နှာပေါ်ကို ထွေးချလိုက်တယ်။ မျက်နှာ၊ ပြီးတော့ ပါးစပ်ကတဆင့် ဝမ်းထဲအထိပါ ကွမ်းသွေးတွေ ဝင်ကုန်သလိုပဲ။ အူတွေ၊ အသည်းတွေပါ ပြောင်းပြန်လန်ကုန်သလား ထင်ရတယ်။ တစ်ကိုယ်လုံး တုန်တက်ပြီး အမှောင်တစ်ခုကိုပဲ ထင်ထင်ရှားရှား ကျုပ်မှတ်မိတယ် …။
ကိုစက်ဖေ
Congratulations @phoepyae! You have completed some achievement on Steemit and have been rewarded with new badge(s) :
You made your First Comment
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Good