မျက်ရည်တစ်စက် ကလောင်ချက်နဲ့ နုတ်ဆက်ဝေဆာဒီအချိန်ခါ ကောင်းရာသုဂတိလားစေသတည်း

in #myanmar7 years ago

ကျမမှာ အကျင့်လေးတစ်ခုရှိတယ်,အဲ့ဒါက ဘာလဲဆိုတော့ ကျမလိုအပ်နေတဲ့အချိန် ဒုက္ခရောက်နေတဲ့အချိန်မှာ အမှတ်မထင် ကူညီဖူးတဲ့သူတွေကို အမြဲတမ်းသတိတရ ရှိနေတတ်တဲ့အကျင့်လေးပါ,ကျမအနေနဲ့ ကျမကို ကူညီဖူးတဲ့ ကျေးဇူးရှင်တွေကို အခါအခွင့်မသင့်လို့ ကျေးဇူးပြန်မဆပ်နိုင်သေးရင်တောင် ကျေးဇူးတရားကို အမြဲအောက်မေ့ဆင်ခြင်ပြီး ကျေးဇူးတင်နေတတ်တာမျိုးပါ,အခုအချိန်မှာ ကျမအသက်က ၂၆နှစ်ထဲမှာပါ,၂၆နှစ်ဆိုတဲ့ကာလဟာ လူ့လောကထဲကိုဝင်ရောက်လာချိန်ထဲကနေ ခုချိန်ထိဆိုရင် အရမ်းကို ရှည်လျားလှတဲ့အတွက် ကျမကိုကူညီဖူးတဲ့ ကျေးဇူးရှင်တွေ အများကြီးရှိခဲ့သလို ရှေ့ဆက်လျှောက်ရမယ့်ဘဝခရီးမှာလည်း ကျမအခက်အခဲဖြစ်တဲ့အချိန်မှာ ကူညီဖေးမကြမယ့်သူတွေလည်း အများကြီးရှိနေကြမှာပါ။

ကျေးဇူးတရားတွေဆိုတာ ကျမတို့အားလုံးအတွက် မကင်းကွာနိုင်တဲ့အရာတစ်ခုလို ရှိနေတာပါ,တခြားသူစိမ်းတွေရဲ့အကူအညီကို မယူဖူးခဲ့သူတွေဆိုရင်တောင် ကျမတို့ကိုလူ့လောကထဲရောက်အောင် အသက်စွန့်ပြီးမွေးထုတ်ပေးခဲ့တဲ့အမေ,ပင်ပန်းဆင်းရဲစွာ ရှာဖွေကျွေးမွေးတဲ့အဖေ,လူတစ်လုံးသူတစ်လုံးဖြစ်အောင် ဝိုင်းဝန်းထိန်းကျောင်းပြီး ကူညီစောင့်ရှောက်ကြတဲ့ ညီအစ်ကိုမောင်နှမများနဲ့ ဆွေမျိုးသားခြင်းတွေ,အသိပညာတွေပြည့်စုံပြီး လမ်းမှားမရောက်အောင် ဆုံးမပဲ့ပြင်ပေးတဲ့ဆရာသမားတွေ,အစရှိသူတွေဟာ ကျမတို့အားလုံးအတွက် သိတတ်နားလည်မယ်ဆိုရင် တန်ဖိုးဖြတ်မရတဲ့ ကျေးဇူးရှင်တွေဘဲ ဖြစ်ပါတယ်။

နောက်တစ်ခုပြောခြင်တာက ဆွေမျိုးမတော်စပ်သော်လည်း ကျမတို့အခက်အခဲရှိနေတဲ့အရာလေးတွေကို သေးသေးမွှားမွှားလေးကအစ ကြီးကျယ်ခမ်းနားတဲ့အရာတွေအဆုံး အားတက်သရောနဲ့ ကူညီဖူးတဲ့မိတ်ဆွေတွေသည်လည်း ကျမတို့ရဲ့ ကျေးဇူးရှင်တွေထဲမှာ ပါဝင်ကြသလို အကောင်အထည်ကြီးကြီးမားမား ဖော်ပြလို့မရပေမယ့်လည်း ဆာလောင်နေချိန်မှာ မုန့်တစ်ချပ် ရေလေးတစ်ခွက်မှစပြီး နှုတ်၏ဆောင်မခြင်း ကိုယ်၏ဆောင်မခြင်းကဲ့သို့သော စကားတစ်ခွန်း လက်တစ်ကမ်းအားဖြင့် တွဲခေါ်ကြိုဆိုဖူးတဲ့ပုဂ္ဂိုလ်တွေသည်လည်း အကူအညီယူဖူးတဲ့ ကျမတို့အနေနဲ့ ကျေးဇူးတင်ရမယ့်သူတွေအဖြစ်နဲ့ အမြဲအမှတ်ရနေသင့်တယ်လို့ ထင်မြင်မိပါတယ်။ဒါ့ကြောင့်မို့ သည်ဆောင်းပါးလေးကို ဖတ်နေကြတဲ့ စာဖတ်သူတွေကို ကျမအနေနဲ့ တိုက်တွန်းခြင်တာလေး တစ်ခု ရှိပါတယ်။အဲဒီ့အရာက ဘာလဲဆိုတော့ စာဖတ်သူတွေအနေနဲ့ ငယ်စဉ်ကတည်း အခုအချိန်ထိ 'ကိုယ့်အပေါ်ပြုဖူး သူ့ကျေးဇူး'ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ကိုယ့်ကိုကူညီပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို တစ်ယောက်ခြင်းစီ ပြန်တွေးမြင်ယောင်ရင်း ကျေးဇူးပြန်မဆပ်နိုင်သည့်တိုင်အောင် နှလုံးသားထဲမှာ သတိတရလေးနဲ့ အသိအမှတ်ပြုပေးကြရင်း ,ကျေးဇူးတရားတွေကို အောက်မေ့ဆင်ခြင်ရင်း မေတ္တာပို့ပေးကြဖို့ဘဲဖြစ်ပါတယ်။လူ့ဘဝသက်တမ်းတိုတိုလေးမှာ နောင်မှရတဲ့ နောင်တတွေကို မပိုင်ဆိုင်ရလေအောင် အသက်ရှင်ချိန်လေးမှာ ကိုယ်လုပ်နိုင်တဲ့အလုပ်လေးတွေကို အကြွေးမထားဘဲ လုပ်ဆောင်ကြရင်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်စွာနေကြဖို့ကိုလည်း တိုက်တွန်းခြင်ပါတယ်။

ကျမဘာလို့ ဒီလိုစကားတွေပြောရလဲဆိုရင် ကျမတို့မိသားစုနဲ့ နှစ်အိမ့်တစ်အိမ်လိုနေကြပြီး ကျမအစ်ကိုနဲ့လည်း လည်ပင်းဖက်ပေါင်းတဲ့သူငယ်ချင်းဖြစ်တဲ့ အစ်ကိုကြီးတစ်ဦးရဲ့ လွန်ခဲ့တဲ့ငါးရက်လောက်က ကျမတို့အားလုံးကို နှုတ်ဆက်ပြီး လောကကြီးထဲကနေ အပြီးတိုင်ထွက်ခွာသွားတဲ့ အဖြစ်ဆိုးကြီးကြောင့် ကျမကိုယ်တိုင် အရမ်းကို စိတ်မကောင်းဖြစ်နေရတဲ့အတွက့် ဖြစ်ပါတယ်။မှတ်မှတ်ရရပြောရရင် ကျမ၄တန်းနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။အဲ့ဒီ့တုန်းက အိမ်မှာ အမေတို့ကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်နေတဲ့အချိန်,ကျမရဲ့အမလည်း အလုပ်က ပြန်မလာသေးတဲ့အတွက် ကျောင်းကပြန်လာတဲ့ကျမ အရမ်းဗိုက်ဆာနေလို့ လမ်းထိပ်ဆိုင်မှာ ခေါက်ဆွဲထုတ်သွားဝယ်တဲ့အချိန်မှာ အခုဆုံးပါးသွားတဲ့အစ်ကိုက အလုပ်ကိစ္စနဲ့အပြင်သွားဖို့ထွက်လာရင်းနဲ့မှတွေ့သွားပြီး ကျမထမင်းမစားရသေးတာကိုသိတော့ သူ့မိန်းမဆီတစ်ခေါက်ပြန်ပြီး ကျမကိုထမင်းကျွေးဖို့ ပြောပေးခဲ့ပါတယ်။ပုစွန်ဟင်းနဲ့ ထမင်းတစ်ပန်းကန်ဟာ ဆာလောင်တဲ့ကျမအဖို့ နတ်သုဒ္ဓါတမျှ အရသာရှိနေခဲ့ပါတယ်။ကျမအတွက်တော့ အမြဲအမှတ်ရနေစေမယ့် ကျေးဇူးတင်ရမယ့်သူတစ်ဦးဆိုရင်လည်း မမှားပါဘူး။

နောက်တစ်ခု အပေါ်မှာကျမတောင်းဆိုခဲ့တဲ့ အသက်ရှင်ချိန်မှာ ကိုယ်လုပ်နိုင်တဲ့အရာတွေကို အကြွေးမထားဘဲလုပ်ဆောင်ကြပါဆိုတဲ့ စကားနဲ့ပါတ်သက်ပြီးလည်း ရှင်းပြခြင်ပါတယ်။အခုဆုံးပါးသွားတဲ့ ကိုကြီးအောင်ကျော်မိုးဟာ မဆုံးခင် လေးငါးလလောက်ကို အိပ်ယာထဲလဲနေခဲ့ပါတယ်။၄၀ဆိုတဲ့ ငယ်ရွယ်လှတဲ့ အရွယ်ကို ဝါးမြိုခဲ့တဲ့ အဓိကရန်သူကတော့ အရက်ပါဘဲ။အရက်ဒဏ်တွေကြောင့် အိပ်ယာထဲလဲနေခဲ့တဲ့ ကိုကြီးအောင်ကျော်မိုးဟာ လမ်းလျှောက်ရင်တောင် တောင်ဝှေးကူပြီး လျှောက်နေခဲ့ရပါတယ်။သူမဆုံးခင်တစ်ပါတ်လောက်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ ကျမအစ်ကိုဟာ အလုပ်ကိစ္စနဲ့ နေပြည်တော်ကနေ ကျမတို့ရှိတဲ့မှော်ဘီကို ခနပြန်လာခဲ့ပါတယ်။သူလည်းအလုပ်တွေနဲ့ဆိုတော့ သူ့သူငယ်ချင်းကို သွားမနှုတ်ဆက်အားဘဲ ကျမတို့အိမ်ကနေဘဲ မနက်စောစောထပြန်ခဲ့ပါတယ်။ကျမတို့လမ်းထဲကနေ ကျမအစ်ကိုကားမောင်းထွက်သွားတဲ့အချိန်မှာ ကိုကြီးအောင်ကျော်မိုးဟာ တောင်ဝှေးကြီးနဲ့ သူ့အိမ်ရှေ့ကနေ ကျမအစ်ကိုကို လှမ်းခေါ်ပြီး သူ့အိမ်လာလည်ဖို့ အော်ပြောခဲ့ပါတယ်။ဒါပေမယ့် အလုပ်များနေတဲ့ ကျမအစ်ကိုက နောက်အခေါက်မှဝင်တော့မယ်ဆိုပြီး ပေါ့ပေါ့တန်တန်ပြောကာ ကားပေါ်ကနေဘဲနှုတ်ဆက်လိုက်မိပါတယ်။အခုချိန်မှာတော့ ကျမအစ်ကိုအတွက် သူ့သူငယ်ချင်းကိုတွေ့ရဖို့ နောက်အခေါက်ဆိုတာ မဖြစ်နိုင်တော့ဘဲ နောင်တတွေနဲ့သာ ကျမတို့ကို စိတ်မကောင်းစွာ ရင်ဖွင့်နေရှာပါတယ်။

ကျမတို့လူသားတွေအတွက် လောကကြီးက တန်ဖိုးအရှိဆုံး အချိန်တစ်ခုကို အမြဲပေးနေပါတယ်။အဲ့ဒါကတော့ လက်ရှိအချိန်ဘဲဖြစ်ပါတယ်။ကျမတို့အမြဲပိုင်ဆိုင်ထားတဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့ မနက်ဖြန်တိုင်းမှာ နောင်တမရစေဖို့ လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြရင်း အသက်ရှင်ချိန် လူ့ဘဝသက်တမ်းလေးမှာ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နေကြဖို့,ပြုမူဆောင်ရွက်စရာ ကိစ္စမှန်သမျှကို အကြွေးမထားဘဲဆောင်ရွက်ကြဖို့ဆိုတာတွေဟာ ကျမတို့အတွက် အဖြစ်သင့်ဆုံးနဲ့ အရေးပါလှဆုံးအရာတွေဆိုရင် မမှားပါဘူး။စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေတဲ့ အချိန်တွေကို ကြိုးကြိုးစားစားနဲ့ တန်ဖိုးရှိအောင် ဖြတ်သန်းကြရင်း ဘဝနေဝင်ချိန်ကို စိတ်ဖြောင့်ဖြောင့်နဲ့ အနှောင်အဖွဲ့ကင်းစွာ ကျော်ဖြတ်နိုင်ကြဖို့ ရည်ရွယ်ကာ ဤဆောင်းပါးလေးကို မျက်ရည်တွေနဲ့အတူ ရေးသားရခြင်းလည်း ဖြစ်ပါတယ်။ဘဝတစ်ပါးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကူးပြောင်းသွားတဲ့ကိုကြီး,တစ်ချိန်တုန်းက ကျမအခက်အခဲဖြစ်နေချိန်မှာ ထမင်းတစ်ပန်းကန်ကို စေတနာပါပါနဲ့ ကျွေးမွေးခဲ့တဲ့ကိုကြီး ,စိတ်အလိုလိုက်ပြီး အရက်နွံထဲနစ်နေရာကနေ သေမင်းခေါ်ဆောင်ရာကို အချိန်မတန်ဘဲ လိုက်သွားရရှာပါပြီ။ကိုကြီး ကောင်းရာမွန်ရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေ။ဝေဒနာတွေ ခံစားနေရတဲ့ကြားထဲကနေ ဘဝကူးခါနီးမှာ ခုလိုသက်တောင့်သက်သာနဲ့ အသက်စွန့်သွားတာကိုဘဲ ကိုကြီးအတွက် မြန်မြန်ဝဋ်ကျွတ်သွားပြီဆိုတဲ့အတွေးနဲ့ ဖြေသိမ့်လို့ရနိုင်ပေမယ့် ၄၀ကျော်အရွယ်ဆိုတာ ကိုကြီးအဖို့ စောလွန်းလှတဲ့အတွက် အရမ်းနှမြောမိပါတယ်။
IMG_20180418_091859.jpg
Author@sandipoe
MSC.035

Sort:  

ယျေ ဘူ ယျကျတဲ့စာမျိုးတွေပါပဲ
အားလုံးကျင့်သုံးနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ

အမှန်ပါဘဲရှင်

ဟုတ်​တယ်​အစ်​မ မကျိန်း​သေလှတဲ့ မနက်​ဖြန်​ကြီးအတွက်​ လက်​ရှိရပ်​တည်​​နေတဲ့အချိန်​မှာ အ​ကောင်းဆုံးပြုလုပ်ကြတာ​ပေါ့။ ကျ​တော်​လည်း သူချင်းတစ်​​ယောက်​လက်​လက်​ဆက်​ဆက်​ ကွယ်​လွန်​သွားလို့ အစ်​မကဲ့သိုပင်​ နှ​မြောတသ မိပါတယ်​။ ကျ​တော့သူငယ်​ချင်းက ၁၉ နှစ်​တဲ့ဗျာ။

၁၉နှစ်ဆိုတော့ စောလွန်းလှပါတယ်

မခွဲခွာကြခင်အချိန်လေးမှာ အားလုံးနဲ့ နွေးထွေးကြင်နာစွာ နေထိုင်သွားတာဟာ အကောင်းဆုံးပါပဲဗျာ။

လူတိုင်းကို အဲ့လိုလေးဘဲဖြစ်စေခြင်မိတာပါ

ရှိတုန်းတန်‌ဘိုးထားဆိုတာ မှန်‌ကန်‌တဲ့စကားပါ။ကိုယ့်‌ညီမ စာ‌ရေးတာ ရင်‌ထဲက ပါတယ်‌။ဒါ‌ကြောင့်‌ ဖတ်‌လို့‌ကောင်းတယ်‌။ ဒိုင်‌ယာရီ ‌ရေးရင်‌ ‌တော်‌‌တော်‌ ဖတ်‌လို့‌ကောင်းမှာ။

ကျေးဇူးပါရှင်

ဘယ်​လို​ပြောရမှန်း မသိ​တော့ဘူးဗျာ

😢😢😢

စိတ်​မ​ကောင်းစရာပါ...ဘယ်​အချိန်​ဘာဖြစ်​မယ်​မသိလို့လက်​ရှိအချိန်​မှာအ​ကောင်းဆုံးဖြစ်​​အောင်​ဘဲတည်​​ဆောက်​ရမှာပါ​လေ...

ဟုတ်ပါတယ် အစ်မရယ်

အမရယ်လက်ရှိအချိန်မှာအကောင်းဆုံးနေထိုင်ပါတာအကောင်းဆုံးပါဗျာ

အမှန်ပါဘဲကွယ်

စိတ်ထားကောင်းတဲ့ အစ်ကိုတစ်ယောက်ပေမို့ ကောင်းရာဘုံဘဝရောက်မှာပါ အစ်မရယ်

အစ်မလည်း အဲ့လိုဘဲဖြစ်အောင် ဆုတောင်းနေပါတယ်

ခေါင်းစဉ်လေးက ကဗျာဆန်တယ်နော်@sandi

Thank you par

ကျေးဇူးမဆပ်နိုင်ရင်တောင် ကျေးမစွပ်သင့်ဆိုသလိုပေါ့ အမရယ်
ဆုံးပါးသွားတဲ့အကို အတွက်စိတ်မကောင်းပါဘူး
ကောင်းရာမွန်ရာ ရောက်ပါစေဗျာ
နောင်ဘဝမှာလူပြန်ဖြစ်ခဲ့ရင် အရက်ရဲ့ကျေး ကျွန်မဖြစ်ပါစေနဲ့ဗျာ

အစ်မလည်း အဲ့လိုလေးဘဲ ဆုတောင်းနေမိတာပါ