ခေါင်းစဉ်မရှိသော.....
နေ့တနေ့ကိုအရသာရှိရှိသုံးဆောင်ဖို့
ပြတင်းပေါက်တံခါးကိုဖွင့်လိုက်တယ်
မီးဖိုကထွက်လာတဲ့ညှော်နံ့တွေ
လွင့်စင်ထွက်ခါသွားနေလေရဲ့
ရုပ်မြင်သံကြားမှာဘုန်းကြီးတရားဟောနေတယ်
စိတ်ကိုကောင်းအောင်ထားဖို့နေရာလိုက်ရှာရင်း
အကျီအိပ်ကပ်ထဲခဏပြန်ထည့်ထားလိုက်တယ်
လမ်းမကြီးတောက်လျှောက်
ဘတ်စ်ကားစောင့်နေတဲ့မျက်လုံးအသေပေါင်းများစွာ
ပရွက်ဆိတ်တွေကိုလှုပ်လှုပ်ရွရွ
လမ်းတွေကဘယ်တော့မှပြင်လို့မပီးနိုင်တော့ဘူးလား
မိုးကဆက်တိုက်ရွာတယ်
မြင်ကွင်းတွေဟာအပဲ့ပဲ့အရွဲ့ရွဲ့
သဘာဝကကျလွန်းတော့လည်း
ခံစားရတာအကျည်းတန်လာတယ်
ရေဒီယိုကမုန်တိုင်းသတင်း ၁၅မိနစ်ခြားတခါသတိပေးနေတယ်
နောက်ကျနေတဲ့လေယာဉ်ခရီးစဉ်တွေကိုစောင့်ဆိုင်းရင်း
မေတ္တာသုတ်ကိုလူတစ်ယောက်ရွတ်နေလေရဲ့
ဆုတောင်းရတာကသိပ်လွယ်လွန်းနေတယ်
ဘုရားတွေကိုစကားပြောလို့မရတာကလည်းခက်တယ်
မိမိလုပ်နေသမျှအဓိပ္ပါယ်ရှိကြောင်းသက်သေပြဖို့
အိပ်ကပ်ထဲကစိတ်ကိုပြန်ထုတ်
အမှုန်အမွှားတွေပွတ်သပ်ရင်း
ငါတို့အတူကောင်းကြပါစို့ကွာလို့
တိုးတိုးလေးကပ်ပြောလိုက်တယ်။ ။