နူးညံ့ရီဝေစေတတ်သော ကျိန်စာ (ဇာတ်သိမ်း)
" အမေ....."
ကျွန်တော် ကလေးငယ်တစ်ယောက်လို ဝမ်းနည်းတကြီး ရှိုက်ငိုပစ်လိုက်မိသည်။ကျွန်တော် အမုန်းကြီး မုန်းခဲ့သော မိန်းမတစ်ယောက်အတွက် ကျွန်တော် မျက်ရည်ကျရမိလေပြီ။
" အမေ....မေ....မေ....."
ကျွန်တော့် စကားသံတွေ ထစ်အ တိုးဝင်သွားလေသည်။အမေ့ပါးပြင်မှာ မျက်ရည်စအချို့နဲ့အတူ ကျွန်တော့ကို ပြုံးပြလိုက်သော အပြုံးများထဲတွင်........
.............................
Photo credit facebook
ထက်မြက်ရယ်....
ဘဝဆိုတာ တိုတောင်းလွန်းတယ်တဲ့။ အဲ့ဒီအထဲကမှ ငါ့အတွက်ကများ ပိုပြီး တိုတောင်းလေသလားဟာ....
ငါ့ဘဝမှာ လုပ်ချင်တာတွေကို လုပ်ခဲ့ပေမယ့် ငါဖြစ်ချင်တာတွေ ဖြစ်ခွင့်မရခဲ့ဘူး..ငါ့ဘဝမှာ ဆို့နင့်မွှန်းကျပ်ခဲ့တိုင်း ဘယ်သူ့ကိုမှ ဖွင့်ပြောခွင့်မရခဲ့ဘူး...။
ငါ့ဘဝမှာ ဟိုးငယ်စဉ် ခန့်တို့နဲ့ နေခဲ့ချိန်တွေပြီးတဲ့နောက်မှာ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ရယ်မောမိခဲ့တာ နင့်ဆီ ရောက်ပြီးတဲ့ နောက်မှာပေါ့....။
ငါ ခန့်ဆီကို ခဏလာတာ ဖြစ်ပေမဲ့ နင့်ဆီမှာ အမှတ်မထင် ကြာရှည်သွားတဲ့ အခိုက်အတန့်မှာ ငါပျော်တယ်။ ငါ့ကို နင်မုန်းနေခဲ့တာ သိသိကြီးနဲ့ နင့်ဆီမှာ နေရတာ ငါလွတ်လပ်ပေါ့ပါးတယ်...
ငါက ပေါ့ပျက်တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့ပေမယ့် လောကကြီးကို ပိုပြီး လေးလေးနက်နက် သိပါတယ် ထက်မြက်ရယ်...။
လူတွေအများကြီးနဲ့ ပေါင်းသင်းနေထိုင်ခဲ့တာ အထူးသဖြင့် နက်တို့လို ယောက်ျားလေးတွေနဲ့ လက်ပွန်းတသီးရှိနေခဲ့တဲ့ ငါက နင်တို့ ယောကျားလေးတွေ အကြောင်းကို ပိုသိပါတယ်....
အထူးသဖြင့်တော့ နင့်အကြောင်းပေါ့....
ငါ့ဘဝမှာ ငါ့ကို တခဏလေးပဲဖြစ်ဖြစ် အေးချမ်းမှု ပေးနိုင်ခဲ့တဲ့ နင့်အရိပ်ထဲမှာ ငါတွေ့သမျှ ယောက်ျားသားများစွာနဲ့ ကွဲလွဲနေခဲ့တဲ့ နင့်သိက္ခာကို ငါလေးစားတယ် ထက်မြက်။
ဘဝတိုတိုလေးနေရပေမယ့် နင့်လိုလူရဲ့ အရိပ်မှာ ခိုလှုံလိုက်တာချည်းဆိုရင် ဒါမှမဟုတ် ဆူးသက်တို့ အဒေါ်တို့လို မိသားစုအရိပ်မှာပဲ ခိုလှုံခွင့်ရမယ်ဆိုရင် ငါ ကျေနပ်တယ်..
...............................
Photo credit facebook
ဟိုးကလေးဘဝကတည်းက ခန့်နဲ့ယှဉ်တိုင်း ဆူးသက်နဲ့ ယှဉ်တိုင်း မေတ္တာ ငတ်ခဲ့တဲ့ မေ့ကို သနားချစ်နဲ့ ချစ်ခဲ့တဲ့ အဒေါ့်ကို ခုတစ်ခါ ပြန်တွေ့ ဖြစ်ရင် မေလေ အဒေါ့်ရင်ခွင်ထဲ တိုးဝင်ပြီး ကလေးတစ်ယောက်လို ငိုပစ်မယ်....
အားရအောင် ငိုပြီးရင် အားရအောင် ရယ်မယ်..
အဲ့ဒီအခါက အဒေါ်က သီရိလေး...အရူးမလေး အခုထိ ကလေးဆန်တုန်းပဲလို့ မေ့ကို ပြောမလား....
အဒေါ့်ကို မေလွမ်းတယ်။ဘဝမှာ စိတ်ပျက်အားငယ်စရာ ကြုံတိုင်း အဒေါ့်ကို သတိရတယ်...
ခန့်က မေ့ကို ချစ်သတဲ့ အဒေါ်လို့ ပြောပြီး အဒေါ်နဲ့ ဝိုင်းရယ်ကြမယ်။ ဆူးသက်နဲ့ အတူတူ ခန့်ကို ဝိုင်း ဟားကြမယ်။ ဆူးသက်လေးကိုလည်း ချစ်တယ်။
သူ့အမေဆီက မေက ဖဲ့ယူလိုက်တဲ့ မေတ္တာအတွက် ဘယ်တော့မှ စိတ်မဆိုးခဲ့တဲ့ ညီမလေး ဆူးသက်.....
ခန့်က မေ့ကို ချစ်တယ်တဲ့။ လက်ထပ်ချင်တယ်တဲ့...တန်လို့လား ခန့်ရယ်။
မေဆိုတဲ့ မိန်းမတစ်ယောက်၊ ယောက်ျားတကာရဲ့ ရင်ခွင်ထဲကနေ ရယ်မောနေနိုင်တဲ့ မေသီရိဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့ရဲ့ ဖြူစင်လွန်းတဲ့ သူငယ်ချင်းကို လက်ထပ်လိမ့်မယ်လို့ ထင်နေခဲ့တဲ့ မေ့ရဲ့ အချစ်ရဆုံး အခင်ရဆုံး သူငယ်ချင်းလေး အရူးကောင်လေး....
ခန့်ရယ် နင့်အကြောင်းတွေးတိုင်း ငါငိုတယ်။ အခု ဒီဒိုင်ယာရီလေးကို ရေးပြီး ငါငိုနေမိပြန်ပြီ။
ငါ့ကိုယ်ငါတောင် ပြတ်သားခွင့်မရှိတဲ့ ငါက နင့်အပေါ် စိမ်းကားရက်စက်တဲ့ စာကို ရေးဖို့ ဘယ်လောက်အားယူခဲ့ရလဲ နင်မသိခဲ့ဘူးနော်။ငါဆိုတဲ့ မိန်းကလေးတစ်ယောက်အတွက် နင် အသက်ကိုပါ အသေခံသွားတယ်နော်.....
ငါ အကျယ်ကြီး အော်ငို ပစ်ချင်တယ်....
နင်သာအနားမှာ ရှိသေးရင် နင့်ကို စိတ်ရှိ လက်ရှိ ခါပြီး အရူးလို့ အကျယ်ကြီး အော်ပစ်ချင်တယ်..အရူးရဲ့.......
.......................
ငါ နေပြန် ကောင်းလာခဲ့ပြီ ခန့်။
နင်က ငါ့အတွက်နဲ့ အသေခံခဲ့တာ။ ငါက ငါ့အပြစ်နဲ့ငါ အသေကြံခဲ့တာ...
ဒါပေမဲ့ဟာ လောကကြီးက မတရားဘူး သိလား..ငါဖြစ်ချင်တာဆို ဘယ်တော့မှ ဖြစ်ခွင့်မရခဲ့ဘူး....
ငါ့ဘဝမှာ ရင်ဖွင့်ခွင့် မဲ့ခဲ့တဲ့ စကားတွေကို ထက်မြက်ကို ရင်ဖွင့်ခဲ့မိတယ်။
ခန့်ရယ်.....
ထက်မြက်ရဲ့ဖေးမမှုတွေအောက်မှာ ငါ ပြန်လည်ရှင်သန်မှုတွေသာ မကပဲနဲ့ ငါ့ရဲ့ ပျော်ရျှင်မှုတွေကိုပါ ပြန်ရခဲ့တယ်....
ငါ......ပျော်လိုက်တာ....
.............................
Photo credit facebook
ငါ့ဘဝအတွက် မျှော်လင့်ချက်ဆိုတာ ရှိသေးရင် အဒေါ့်ဆီကို သွားမယ်။
အဒေါ်နဲ့ အကြာကြီးနေမယ်...စကားတွေ အများကြီး ပြောမယ်။
ငါ့ဘဝထဲကနေ ငါ့အိမ်မက်ဆိုးတွေထဲကနေ ငါ လွတ်မြောက်အောင် လုပ်မယ်....
အဲ့ဒီ အချိန်မှာ ငါ သိပ်ပျော်နေလေမလား.....
အဲ့ဒီအကြောင်းတွေ တွေးရင် ငါ သိပ်ပျော်လွန်းလို့ထင်တယ်...
ငါ့နှလုံးတွေတောင် အောင့်တယ်..
ဒါပေမဲ့ ငါ လွတ်လွတ်လပ်လပ် ပြုံးနေမိဆဲပဲ...။
................
မမေသီရိ
အသက် ( ၂၇ )နှစ်
ကျောက်ပြားဖြူဖြူပေါ်က စာလုံးလေးတွေကို မမှိတ်မသုန်ကြည့်ရင်း မတုန်မလှုပ် ရပ်နေခဲ့မိတာ ဘယ်လောက်ကြာနေခဲ့ပြီမှန်းပင်မသိ။
မိုးသားတိမ်လိပ်တွေ ညိုညိုတွေကိုလည်း မသိ။လေပြင်းတိုးသံတွေကိုလည်း နားမထောင်အား...
ဒီလိုနေရာကို ဒီအချိန်တိုင်း ကျွန်တော်ရာက်မြဲ....
ဒီလိုအချိန်တွေတိုင်း ဒီနေရာမှာ ကျွန်တော်ရှိနေခဲ့တာ သုံးနှစ်တိတိ ရှိခဲ့လေပြီ။
ကျွန်တော့် လက်ထဲက မေရဲ့ ဒိုင်ယာရီစာအုပ်အနက်လေးကို အုတ်ဂူပေါ် အသာအယာ တင်လိုက်မိသည်။ ထိုစဉ် ကျွန်တော်နည်းတူ ဖြူနုတည်ငြိမ်တဲ့ လက်လေးတစ်ဖက်က စာရွက်လေးတစ်ရွက်ကို တင်ပြီး ကျောက်ခဲလေးနဲ့ ဖိချလိုက်လေသည်။
ကျွန်တော် တအံ့တသြသံဖြင့် လှမ်းကြည့်လိုက်မိစဉ်..
" ဟင်....ဆူး...ဆူးသက်....အဲ ..."
" ဟုတ်ပါတယ် တကာကြီး...လောကကြီးဟာ ထင်မှတ်မထားတဲ့အရာတွေနဲ့ လှည့်ပတ်နေကြရတာ မဟုတ်လား..."
တည်ငြိမ်သော စကားသံများဖြင့် စကားဆိုနေခဲ့သူက ဟိုစဉ်က နုငယ်လွန်းတဲ့ ကျွန်တော့် ညီမလေး ဆူးသက်တဲ့။
" လောက ကြီးရဲ့ ဖြစ်ပျက်သမျှတွေကို သိပ်ကြောက်သွားမိတဲ့ နောက်မှာ တကာကြီးဆီကို စာပို့လိုက်ပြီးတဲ့နောက်မှာပဲ ဆရာလေးက လမ်းမှန်ကို တွေ့ရှိခဲ့တော့တာပဲ။အားလုံးကို သံယောဇဉ် ဖြတ်လိုက်နိုင်ပြီ တကာကြီး...။ အခုဆို ဆရာလေးဘဝက အများကြီိး အေးချမ်း နေပါပြီ..."
" ကျ..ကျနော်...အဲ တပည့်တော်.."
"ဟင်း....ဆရာလေး တကာမကြီးနဲ့ တွေ့ပြီးသွားပါပြီ။ အကြောင်းစုံကိုလည်း သိပြီးပါပြီ တကာကြီး..သတ္တဝါတွေရဲ့ ကံဆိုတာ သိပ်ကြောက်စရာ ကောင်းတာပါပဲလေ..."
ဆရာလေးက တည်ငြိမ်စွာ လှည့်ထွက်သွားစဉ်
" ဆရာလေး...ကျေးဇူးပြုပြီး တပည့်တော်ကို ဆရာလေး သီတင်းသုံးတဲ့ ကျောင်း...."
ဆရာလေးက တခဏမျှ ခြေလှမ်းတွေကို ရပ်လိုက်ပြီး
" တကာမကြီး သိပါတယ်.."
ထိုမျှသာ ပြောပြီး ထွက်ခွာသွားလေသည်။
ကျွန်တော် ဆရာလေးတင်ထားခဲ့သည့် စာရွက်လေးကို ကြည့်လိုက်တော့ အလှူငွေ ဖြတ်ပိုင်းလေး...
ကွယ်လွန်သူ မမေသီရိအား ရည်စူး၍ ဆရာလေး ဒေါ်ဓမ္မနန္ဒီ ကောင်းမှု တဲ့...
မိုးစက်တွေ တဖျောက်ဖျောက် ကျလာခဲ့လေပြီိ။ကျွန်တော် ရပ်နေမိဆဲ....
ကျွန်တော် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ကျွန်တော့ မျက်နှာထက်သို့ မိုးစက်တွေ ခုန်ဆင်းလာနေကြဆဲ....
ရုတ်တရက်ကျွန်တော့ ကိုယ်ပေါ် မိုးရေတွေ မကျတော့ ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး နွယ့်လက်ထဲက ထီးကို ယူလိုက်သည်။
" မောင်ရယ်...."
နွယ်က တီးတိုး ဆို၏။
" မောင့်ကို ခွင့်လွတ်ပါ နွယ်..."
နွယ်က ပြုံးလိုက်၏။
" ဒီအကြောင်းအရာတွေ အားလုံးကို နွယ်သိပြီးသားလေ မောင်ရဲ့။ နွယ် ဟိုမှာ ကျောင်းတက်နေတုန်းကတည်းကကြီးနဲ့ အန်တီက နွယ့်ကို အမြဲ ပြောပြခဲ့တယ်။ နွယ်အစကတော့ မောင့်ကို စိတ်ဆိုးမိသေးပေမယ့် မောင့်သိက္ခာကို နွယ်ယုံကြည်ခဲ့ပါတယ် မောင်..
တကယ်တော့ မေကို နွယ်ကိုယ်တိုင်လည်း သနားတယ်။ အကယ်၍များ မေသာ အခုထိ ရှိနေခဲ့သေးရင် နွယ် ကိုယ်တိုင် မောင်နဲ့..."
ကျွန်တော် နွယ့် လက်နဲ့ နှုတ်ခမ်းတွေကို ပိတ်လိုက်မိသည်...
" မောင် နွယ့်ကို ချစ်ခဲ့တာက တကယ်ပါ။ ဒါပေမဲ့ မောင့်ဘဝမှာ အသနားမိဆုံးသူ အမုန်းဆုံးသူနဲ့ သံယောဇဉ်အဖြစ်မိဆုံးသူ အမှတ်အရဆုံးသူကို ပြပါဆိုရင်တော့ မေ့ကိုပဲ ပြမိလိမ့်မယ်လို့ မောင် ဝန်ခံပါရစေ နွယ်ရယ်....ဒါပေမဲ့ နွယ့်ကို မောင် တကယ် ချစ်ခဲ့တာပါ..."
ကျွန်တော်တို့ ထွက်ခွာလာခဲ့ရာ လမ်းတလျှောက် မိုးရေတို့က လိုက်လံ ကခုန်နေကြဆဲ။
ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့ ဇနီးတစ်ယောက် ဖြစ်ခဲ့တဲ့ နွယ့်လက်ကို ကျွန်တော် တင်းတင်း ဆုပ်ကိုင်လိုက်မိသည်.....
နှစ်ယောက်သား ပြိုင်တူ နောက်သို့ လှည့်ကြည့်လိုက်မိကြတော့ မေ့လဲလျောင်းတည်ရှိရာ အုတ်ဂူလေး အပေါ်မှာ မေ့ရဲ့ သားရေဖုံး ဒိုင်ယာရီစာအုပ်လေးက လေတွေကြောင့် လှန်ထွက်သွားကြပြီး စာရွက်လေးတစ်ရွက်က မိးုဖွဲတွေကြားက ကောင်းကင် ပျံလွှင့်လာခဲ့လေသည်...။
ကျွန်တော် သိပါသည် ..
မေရဲ့ မပြီးပြတ်သေးသည့် ဒိုင်ယာရီကို ထာဝရ အဆုံးသတ်ပေးခဲ့သော ကျွန်တော် ကိုယ်တိုင် ဒိုင်ယာရီ စာအုပ်ကြား ညှပ်ထားခဲ့သော စာလေး.....
အထူးသဖြင့် မေ့ လက်ထဲက တွေ့ခဲ့တဲ့ စာရွက်လေး....
မေ့အသက်ကို ခြွေယူသွားခဲ့သော စာရွက်လေး..
မေ့မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့ပြီး မေ့ကို heart attack ဖြစ်စေခဲ့သော စာရွက်လေး..
ဆူးသက် ကျွန်တော့်ကို ပေးခဲ့သော စာရွက်လေး လေ....
မေ့ခမျာ သူ့ကိုယ်သူ နှလုံးရောဂါရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေခဲ့တာကို သိမှ သိခဲ့ပါလေစ.....
ပြီးပါပြီ...
Writter @yekungsatthone
Msc 213
အလွမ်းလေးကောင်းပါ့ဗျာ
ဟုတ်ကဲ့ ကျေးဇူးပါဗျာ
အလွမ်း ဇတ်လမ်းကောင်းလေး ခံစားဖို့ကောင်းပါတယ်😊😊
ဟုတ်ဗျ.
စ လယ် ဆုံးကို ဝေဖန်အကြံပြုရလျင် အရေးသားကောင်းမွန်ပါ၏
ကျေးဇူးတင်ပါတယ်ဗျာ...ကျွန်တော် ကြိုးစားထားပါတယ်
ဇာတ်သိမ်းကောင်းပါတယ်...တစ်ခုခုကျန်ခဲ့သလိုမျိုး...အရေးအသားလည်းကောင်းပါတယ်...
ကျေးဇူးပါဗျ
ဝထ္တုတော့မရေးတတ်သေးဘူးဗျ
ရေးနိုင်တာကို ချီကြူးပါတယ်
ကျေးဇူးပါဗျ..
သနားပါတယ်😔
ဟုတ်ပါ့ မကြိ
အော် သံယောဇဉ်တွေကြီးမားခဲ့ကြတဲ့ အလွမ်းဇာတ်လမ်းတစ်ပုဒ်ပါလားဗျာ
ဟုတ်တယ်ဗျ
အစ်ကို တစ်ခုပြောမယ်။ ညီ ဝတ္ထုရေးတာ G3မှာ အတော်ဆုံး ၊အကောင်းဆုံးပါ။ ရေးထားတဲ့ စာသားဟန်တွေက အဆင့်အတန်း မြင့်တယ်။ဇာတ်အိမ်ခိုင်တယ်၊ဒီလက်စက ရေးတက်စ လက်စမဟုတ်ဘူး။
အား....များသွားပြီ အစ်ကိုရေ....ဘာပဲဖစ်ဖြစ် ကြိုးစားဆဲပါဗျ..ချီးကျူးတာ ကျေးဇူးပါဗျာ
အဲ့လို ဝထ္ထု မျိုးလေးတွေလဲ ရေးသူပါမှဒို့အဖွဲ့ကရသစုံတာ ညီရ
ဟုတ်ဗျ..ဆက်ကြိုးစားပါ့မယ်
ကောင်းပါ တယ် အလွမ်းဇာတ်အိမ်လေး
နောက်ထပ် ဇာတ်လမ်းများ ထပ်ရေးပေးပါရန်တောင်းဆိုပါရစေ